မော်လမြိုင်မြို့တွင် မီးလောင်ပျက်စီးသွားသည့် အ.ထ.က(၉)ကျောင်းရှိကျောင်းဆောင်အား ကျောင်းဆောင်သစ်အမြန်ဆောက်လုပ်မည်

0
295

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ပန်းဘဲတန်းရပ်ကွက်ရှိ အ.ထ.က(၉)ကျောင်းတွင် သြဂုတ် ၃ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့် ကျောင်းဆောင်အား ကျောင်းဆောင်သစ်အမြန်ဆောက်လုပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကမှာကြားခဲ့သည်။

အ.ထ.က(၉)ကျောင်းတွင်ဖြစ်ပွားခဲ့သည့် မီး လောင်ကျွမ်းမှုကြောင့် ကျောင်းအုပ်ကြီးရုံးခန်း၊စာရေးအခန်းနှင့်စာသင်ခန်း(၉)ခန်းပါ အောက်ထပ်အုတ်ညှပ်၊သွပ်မိုး၊ပျဉ်ခင်း/ကာ၊ ၂ ထပ်ဆောင်အဆောက်အဦး ၁ လုံး၊စာသင်ခန်း ၇ ခန်း၊နားနေဆောင် ၁ ခန်းပါအောက်ထပ်အုတ်ညှပ်၊သွပ်မိုး၊ပျဉ်ခင်း/ကာ ၃ ထပ်ဆောင်အဆောက်အဦး ၁ လုံးတို့ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ထိုသို့ ပျက်စီးဆုံးခဲ့မှုများအား မွန်ပြည်နယ်ဝန် ကြီးချုပ်ဦးအောင်ကြည်သိန်းမှ သြဂုတ် ၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး၍ ၃ ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာတွင် ကျောင်းဆောင်သစ်အမြန်ဆောက်လုပ်ရန်၊ကျောင်းသား၊ကျောင်းသူများ အရှိန်အဟုန်မပျက် ပညာဆက်လက်သင်ကြားနိုင်ရန်၊ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းဆောင်သစ်အမြန်ပြန်လည်တည်ဆောက်ရန် စုံစမ်းစစ်ဆေးကော်မတီဖွဲ့ပြီး ပြန်လည်တင်ပြရန်၊ကျောင်းသူ၊ကျောင်းသားများ စာသင်ကြားမှု မထိခိုက်စေရန် ပြည်နယ်ပညာရေးမှူးမှ ကျောင်းအုပ်ဆရာမကြီးနှင့်ညှိနှိုင်းဆောင်ရွက်ရန်၊ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပညာရေးဝန်ကြီးဌာနသို့တင်ပြရန်လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ပြုလုပ်သည့် အ.ထ.က(၉)ကျောင်း မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကာ မီးလောင်မှုဖြစ်စဉ်အား ကော်မတီများဖွဲ့စည်း၍ တွေ့ရှိချက်များကိုအမြန်ပြန်လည်တင်ပြရန်၊အင်ဂျင်နီယာနှင့်တည်ဆောက်ရေးကော်မတီများမှ ကျောင်းဆောင်အားပြန်လည်ပြုပြင်တည်ဆောက်ရန်(သို့)အသစ်ပြန်လည်တည်ဆောက်နိုင်ရေးတင်ပြရန်၊စာသင်ကြားရေးအတွက် အခန်းလုံလောက်မှု ရှိ/မရှိ နှင့်စားပွဲခုံများလိုအပ်ချက်များရှိပါကတင်ပြရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများပြည်နယ်ပညာရေးမှူးနှင့်ကျောင်းအုပ်ကြီးတို့ကဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here