ကျိုက်ထိုတွင်ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးကွင်းဆက်အရ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် (၃) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိ

0
219

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ဇူလိုင် ၂၆ ရက်ညပိုင်းကဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးကွင်းဆက်အရ ဇူလိုင် ၂၇ ရက်၌ မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိခဲ့ပြီး ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၉ နာရီခွဲက ကျိုက်ထိုမြို့နယ်၊မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန် ဘက်မှရေးဘက်သို့မောင်းနှင်လာသည့် ခရီး သည်တင်ကားပေါ်တွင်လိုက်ပါလာသည့် အောင်မင်းထွန်းအား အိုက်စ်(၃ ကီလို)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ ဇူလိုင် ၂၇ ရက်မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာတွင်ပူးပေါင်းပါဝင်သူများဖြစ်သည့် ညီညီထွန်း(ခ)ညီညီအား ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်ရှိ ၎င်း၏နေအိမ်၊ ညနေ ၅ နာရီတွင် စံလင်းနှင့်ထွန်းနိုင်မိုးတို့အား မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးတွင် အိုက်စ်(၁ ကီလို)တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ညနေ ၅ နာရီခွဲ၌ ထွန်းနိုင်မိုး ငှားရမ်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ပုလဲ(၁) ရပ်ကွက်၊ခိုင်ရွှေဝါလမ်းရှိနေအိမ်မှ အောင်ကိုဦးအား အိုက်စ်(၁၁၄ ကီလို)၊ စိတ်ကြွဆေးပြား ၁၀ သိန်း၊ကက်တမင်း(၆၂၀ ဂရမ်)တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ငွေကျပ် ၃ ဒသမ ၉၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ၅ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here