အာရှအားကစား ပြိုင်ပွဲတွင် မြန်မာမှ အားကစားနည်း (၇) နည်း ဝင်ရောက်ယှဉ်ပြိုင်မည်

0
340

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာမှ အားကစားနည်း (၇) နည်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိကျင်းပမည်ဖြစ်ပြီးမြန်မာနိုင်ငံမှ ဝူရှူး၊ လှေလှော်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို စသဖြင့် အားကစားနည်း (၇) နည်းကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်နှင့် ဘောလုံးအဖွဲ့ချုပ်တို့သို့ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ဩဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

လာမည့်လတွင်ကျင်းပမည့် (၁၉) ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် အာရှနိုင်ငံအသီးသီးသည် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ တိုးတက်ရေး ဟူသည့် အာရှအားကစားသံစဉ်ကို အတူတီးမှုတ်ကြမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့်ဆောင်ရွက်သည့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ အဆင့်မြှင့်တင်ရေးစီမံကိန်း ပြီးစီး၍ စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း ပြုပြင်တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ကူညီလေ့ကျင့်ပေးသော မြန်မာ့အားကစားသမားများသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ထူးချွန်သော ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစားကိုယ်စားလှယ်အဖွဲ့အနေဖြင့် စွမ်းရည်များပြသနိုင်ပြီး အောင်မြင်မှုများရရှိနိုင်ပါစေဟု ကြိုတင်ဆုမွန်ကောင်းတောင်းပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောသည်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံမှ လက်ခံကျင်းပခြင်းအား မြန်မာနိုင်ငံမှ တက်တက်ကြွကြွ ထောက်ခံအားပေးကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား တက်တက်ကြွကြွ ကူညီပေး၍ အားကစားသမားများကို အမြဲလေ့ကျင့်ပေးခဲ့ပြီး မြန်မာနိုင်ငံအား အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများ ရရှိနိုင်ရန် ကူညီပေးခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောသည်။

ထို့နောက် မြန်မာနိုင်ငံမှ အားကစားအဖွဲ့ချုပ်များနှင့် အားကစားသမားကိုယ်စားလှယ်တို့က တရုတ်သံရုံး၏ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာအားကစားသမားများသည် ဇွဲလုံ့လရှိမှု၊ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ဟူသော အားကစားစိတ်ဓာတ်တို့ဖြင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် စွမ်းရည်များပြသကာ ချစ်ကြည်ရင်းနှီးမှုများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

Photo – China Embassy


LEAVE A REPLY

Please enter your comment!
Please enter your name here