ထိုင်း – မြန်မာ ကုန်သွယ်မှုအတွက်အာရှလမ်းသစ် (ဒေါနတောင်တက်လမ်းပိုင်း) ပျက်စီးသွားခြင်းအား အမြန်ဆုံး ပြုပြင်ရန်လိုအပ်နေ

0
343

ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အာရှလမ်းသစ်ဒေါနတောင်တက်လမ်းပိုင်းတွင် လမ်းပြိုကျမှုကို အမြန်ဆုံး ပြင်ဆင်နိုင်ခြင်း မရှိပါက ထိုင်း – မြန်မာ ကုန်သွယ်မှုကဏ္ဍကို ထိခိုက်လာနိုင်ကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

အဆိုပါ အာရှလမ်းသစ်သည် ထိုင်း – မြန်မာ ကုန်သွယ်မှုကဏ္ဍ၏ အဓိက လမ်းကြောင်းတစ်ခုအဖြစ်ရှိနေပြီး ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေါ်နတောင်တက်လမ်းပိုင်းရှိ တောနော်ရေတံခွန်အနီးတွင် တောင်ပြိုကျမှုဖြစ်ကာ လမ်းပါပြိုကျသွားခဲ့ခြင်း ဖြစ်သည်။

“အခုတော့ ဘေလီတံတားထိုးနေတယ်လို့ပြောတယ်။ ၃ ၄ ရက်အတွင်းပြီးမယ်လို့ကြားတယ်။ အဲ့ရက်အတွင်းပြီးမယ်ဆိုရင်တော့ သိပ်တော့မထိခိုက်နိုင်ဘူး။ ကြာမယ်ဆိုရင်တော့ ထိခိုက်နိုင်ပါတယ်။ ထိုင်း-မြန်မာကုန်သွယ်မှုက တစ်နှစ်ကို ၃ ဘီလီယံလောက်ရှိတာကို”ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ လမ်းပိုင်းသည် ထိုင်း – မြန်မာ ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းထဲတွင် ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ ၊ အိမ်စီးယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်း တစ်ခု‌လည်းဖြစ်ကြောင်း သိရသည်။

” လမ်းမှာတင် ကုန်ကားတွေက ပိတ်မိနေတယ်။ လမ်းပြိုတော့ ဆက်သွားလို့မရဘူး ။ ကျွန်မတို့အတွက် ထိခိုက်မှုတွေရှိတာပေါ့။ အချိန်ကုန်သလို ကုန်ကျစရိတ်တွေကလည်း ပိုကုန်တာပေါ့။ တခြားလမ်းက သွားမယ်ဆိုရင် သယ်ယူပို့ဆောင်ရေး စရိတ်က ပိုကုန်တယ်” ဟု မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သည် မမီးမီးက ပြောသည်။

လမ်းဟောင်းက ကျောက်ကမ်းပါးယံလမ်း၊အလယ်ဗိုလ်တဲ၊အောက်ဗိုလ်တဲ လမ်းပိုင်းကို ခရီးသွားကားငယ်များပြန်လည်အသုံးပြုနေကြရာ ကားကြီးများ သွားလို့မရသေးဟုသိရသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ၂ဝ၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဇူလိုင် (၂၈) ရက်အထိ ပို့ကုန်တန်ဖိုး ကန်ဒေါ် လာ ၁၈၅ ဒသမ ၂၄၁ သန်း တင်ပို့ထားပြီး ပို့ကုန်သမားများ၏ ပို့ကုန်ပစ္စည်းများကို ယခုပျက်စီးမှုဖြစ်ပေါ်နေသည့် အာရှလမ်းသစ်ကို အသုံးပြု၍ သယ်ယူပို့ဆောင်နေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ မြဝတီကုန်သွယ်ရေးစခန်းမှတဆင့် ထိုင်းနိုင်ငံသို့ လယ်ယာထွက်ကုန်များဖြစ်သည့် ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ နနွင်း၊ ဆီးဖြူသီးခြောက်၊ မန်ကျည်းသီးများကို တင်ပို့နေပြီး ရေထွက်ကုန်ဖြစ်သည့် ဂဏန်းအရှင်၊ သဲဂဏန်း၊ ငါးပါးလျှပ်၊ ငါးခွေးလျှာနှင့် CMP အဝတ် အထည်များကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းများ တင်သွင်းနေခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် အာရှလမ်းသစ် ပြိုကျမှုကြောင့် ထိုင်း – မြန်မာ ကုန်သွယ်မှု ယာယီရပ်ဆိုင်းနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here