ဘားအံမြို့၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခု၌ လူဦးရေ ၁၉၀၈ ဦးခိုလှုံလျက်ရှိ

0
242

ကရင်ပြည်နယ်၊ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့်လမ်းများပေါ်တွင် ရေကျော်မှုများဖြစ်ပေါ်လျက်ရှိ၍ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ခဲ့ရသည်။

ဘားအံမြို့ရှိ မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရား၊ အ.ထ.က (၃) ကျောင်းတို့အား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအဖြစ် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သြဂုတ် ၈ ရက်တွင်လည်း ပြည်နယ်ကမ္မဌာန်းကျောင်းနှင့် အ.မ.က(၁၁)ကျောင်းတို့အား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအဖြစ် ထပ်မံဖွင့်လှစ်ခဲ့ရသည်။

“အသစ်ထပ်ဖွင့်ရတဲ့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေက ဘားအံမြို့ရဲ့ အမှတ်(၉)ရပ်ကွက် ဝါဆိုဦး၊ရေကျော်၊ဦးဆောက်ပန်းရုပ်ရှင်ရုံ အနောက်ဘက်နဲ့အမှတ်(၂)ရပ်ကွက် ဆယ်အိမ်စုတွေမှာ ရေတွေဝင်လာတာကြောင့် ထပ်ဖွင့်ရတာပါ ပြီးခဲ့တဲ့ရက်က ၅ ခုဖွင့်ခဲ့ရတယ် အခုနောက် ထပ် ၂ ခုထပ်ဖွင့်ရတဲ့အတွက် ဘားအံမြို့မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုရှိသွားပါပြီ “ဟု ဘားအံမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုတွင် အိမ်ထောင်စု ၃၉၈ စုမှ အမျိုး သား ၉၁၈ ဦးနှင့်အမျိုးသမီး ၉၉၀ ဦး(စုစုပေါင်း ၁၉၀၈ ဦး)တို့ ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့်ဆီများ၊ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်နှင့်ခေါက်ဆွဲခြောက်များ၊အလှူရှင်များက ကြက်ဥ၊ ခါက်ဆွဲ‌‌ခြောက်၊ထမင်း ဘူး၊အချိုရည်နှင့်ရေသန့်များလှူဒါန်းပေးခဲ့ကြကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here