ထိုင်း – မြန်မာ ပို့ကုန်သွင်းကုန် ကုန်ပစ္စည်းများအား နယ်စပ်ဂိတ်ပေါက် ပြောင်းလဲသယ်ဆောင်ခွင့်ပြုထား

0
388

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်း – မြန်မာ ကုန်သွယ်ရေးကဏ္ဍ၏  အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းအချို့ပျက်စီးမှု ဖြစ်နေသည့်အတွက် ပို့ကုန်၊ သွင်းကုန် ကုန်ပစ္စည်းများအား အခြားသောနယ်စပ်ဂိတ်ပေါက်များမှ ပြောင်းလဲသယ်ဆောင်ခွင့်ပြုထားကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ် (၇) ရက်က ဖြစ်ပွားခဲ့သည့် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး၊ ဒေါနတောင်တက်လမ်းပိုင်း၊ တောနော်ရေတံခွန်အနီးတွင် လမ်းပိုင်းနေရာအချို့ ပြိုကျသည့်ဖြစ်စဉ်ကြောင့် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး ယာယီရပ်တန့်ခဲ့ပြီးနောက်ပိုင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် လိုင်စင်ခွင့်ပြုချက်ရရှိပြီးသော ပို့ကုန်၊သွင်းကုန်ပစ္စည်းများကို မြန်မာ – ထိုင်း မည်သည့် နယ်စပ်ပေါက်ကမဆို သယ်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှလည်း ပြောင်းလဲသယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်း – မြန်မာကုန်သွယ်ရေး လမ်းကြောင်းများအနေဖြင့် တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ် (၆) ခုရှိပြီး အဆိုပါ နယ်စပ်ဂိတ်များမှာ မြဝတီ ၊ ကော့သောင်း ၊ မြိတ်၊ ထီးခီး၊ မယ်စဲ့နှင့် မောတောင်ဂိတ် များဖြစ်သည်။

ထီးခီးနှင့် မောတောင် နယ်စပ်ဂိတ်များမှာ လက်ရှိအချိန်တွင် လုံခြုံရေးအရ ကုန်သွယ်ရေးလုပ်ရန် အဆင်မပြေနိုင်သေးသည့် အခြေအနေမျိုးတွင် ရှိနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here