ပဲခူး – မော်လမြိုင်သွား ရထားလမ်းပိုင်း ရေကျော်နေ၍ ရထားခရီးစဉ်များအား ယာယီရပ်နားထား

0
244

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပဲခူး – မော်လမြိုင်သွား ရထားလမ်းပိုင်းတွင် ရေကျော်နေသဖြင့် ရထားခရီးစဥ်များအား ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

ဘီးလင်းမြို့နယ်ရှိ ဒုံဝန်းဘူတာနှင့် နှင်းပုလဲ ဘူတာကြား ရထားလမ်း၏ အရှည်ပေ (၁၅၀၀)ခန့်တွင် သံလမ်းအထက် ရေကျော်နေ၍ ဖြတ်သန်းခုတ်မောင်းမည့် ရထားများအန္တရာယ်မဖြစ်စေရန် ရထားခရီးစဥ် (၄) ခုအား ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာသည့် အမှတ် (၈၁) အဆန် လူစီးအမြန်ရထား၊ အမှတ်(၈၉)အဆန် RBE အမြန်ရထားတို့သည် နှင်းပုလဲဘူတာ၌လည်း​​ကောင်း၊ မော်လမြိုင်ဘူတာမှ ထွက်ခွာလာသည့် အမှတ် (၈၂) အစုန် လူစီးအမြန်ရထားသည် တောင်စွန်းဘူတာ၌လည်းကောင်း၊ အမှတ်(၉၀) အစုန် RBE အမြန်ရထားသည် ဒုံဝန်းဘူတာတို့တွင်လည်း​ကောင်း ရပ်တန့်ထားရကြောင်း သိရသည်။

“လတ်တလောကတော့ ရေပြန်ကျမယ့် အချိန်ကိုစောင့်ရမှာပေါ့။ ရေပြန်ကျသွားမှပဲ ရထားတွေကသွားလို့အဆင်ပြေမှာ၊ တချို့အရေးကြီးတဲ့ လူတွေကတော့ ကားငှားသွားကြတာတွေ့တယ်။ ကြားရသလောက်ဆိုရင် ရထားလမ်း တံတားတွေ ပျက်စီးတာမရှိပါဘူး” ဟု မော်လမြိုင်မြို့သို့ ရထားဖြင့် သွားရောက်နေသည့် ကိုစိုးမြင့်က ပြောသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရထားလမ်းတလျှောက် ရေတိုက်စားမှုများနှင့် တံတားများ ကြံ့ခိုင်ရေး၊ထိခိုက်မှုရှိ/မရှိ တို့ကို စစ်ဆေးလျက်ရှိကာ ပျက်စီးမှုများရှိပါက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လုံခြုံစိတ်ချရမှုပေါ် မူတည်၍ မူလခရီးစဉ်အတိုင်း ဆက်လက်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here