နယ်သာလန်တွင် ကိုကင်း ပေါင်ချိန် ၁၇,၆၀၀ စံချိန်တင် ဖမ်းဆီးရမိ

0
180

ငှက်ပျောသီးသေတ္တာများအတွင်း ဝှက်၍ သယ်ယူလာသော ကိုကင်း ပေါင်ချိန် ၁၇,၆၀၀ ကို နယ်သာလန်နိုင်ငံ အကောက်ခွန်အေးဂျင့်များက ရော့တာဒမ်ဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သည်။ ယင်းသည် နယ်သာလန်နိုင်ငံတွငိ ဖမ်းဆီးရမိခဲ့သမျှ မူးယစ်ဆေးဝါးများအနက် အများဆုံးပမာဏဖြစ်ကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ငှက်ပျောသီး သေတ္တာ ၁၂ ခု အတွင်းရှိ ကိုကင်းများကို ခွေးများက အနံ့ခံကာ စတင်သိရှိခဲ့ခြင်းဖြစ်ပြီး၊ အကောက်ခွန်အရာရှိများက မူးယစ်ဆေးဝါးများကို အတည်ပြုရန် ကွန်တိန်နာကို ဓာတ်မှန်ဖြင့် စကင်န်ဖတ် စစ်ဆေးခဲ့သည်။ ထို့နောက် အေးဂျင့်များက ကိုကင်းများကို ဗူးများအတွင်းမှ ထုတ်ယူနိုင်ခဲ့ပြီးနောက် ကွင်းဆက်စုံစမ်းစစ်ဆေးမှုများနှင့် ဆက်လက်ဖမ်းဆီးမှုများပြုလုပ်ရန်အတွက် အများပြည်သူသို့ ချက်ခြင်း သတင်းမထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောာသည်။

ယင်း မူးယစ်ဆေးဝါးများကို အီကွေဒေါနိုင်ငံက ပနားမားမှတစ်ဆင့် ရော့တာဒမ်မြို့သို့ တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၆၆၀ ခန့်ရှိကြောင်း ရော့တာဒမ် အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ဒတ်ခ်ျ၊ ဘယ်လ်ဂျီယံနှင့် စပိန်ဆိပ်ကမ်းများတွင် ကိုကင်းပမာဏ စံချိန်တင်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးစွဲခြင်းဆိုင်ရာ ဥရောပ စောင့်ကြည့်လေ့လာရေးစင်တာမှ ခွဲခြမ်းစိတ်ဖြာထားသော စာရင်းဇယားများအရ သိရသည်။ အဆိုပါနိုင်ငံများရှိ ဆိပ်ကမ်းများတွင် ဖမ်းဆီးရမိမှုများသည် ဥရောပတွင် ကိုကင်းဖမ်းဆီးရမိမှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ကျော်ရှိပြီး အထူးသဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အကျင့်ပျက်ခြစားမှုအများပြားဆုံးဟု သတ်မှတ်ခံထားရကြောင်း ယင်းစင်တာက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here