ထိုင်းရောက် မြန်မာများ ငွေလွှဲရာတွင် အလိမ်မခံရစေရန် ဒီးမန်းနီး (Dee Money)အပလီကေးရှင်းကို ထိုင်း – မြန်မာ ပူးပေါင်းဖန်တီး

0
240

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် အလိမ်ခံရခြင်းမရှိစေရန်အတွက် ဒီးမန်းနီး (Dee Money)အပလီကေးရှင်းကို တရားဝင်ငွေလွှဲဝန်ဆောင်မှုတစ်ခုအနေဖြင့် မြန်မာ-ထိုင်း ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှု လုပ်ငန်းနှစ်ခုက ပူးပေါင်းတည်ထောင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အကြောင်းကိစ္စအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းသည့်နေရာတွင် လိမ်ညာခံရခြင်း၊ ငွေလွှဲခဈေးနှုန်းကြီးမြင့်ခြင်း၊ အာမခံချက်မရှိခြင်းများကို နေ့စဉ်ကြုံတွေ့နေရခြင်းကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒီးမန်းနီး (Dee Money) မိုဘိုင်းငွေလွှဲအက်ပလီကေးရှင်းမှတဆင့် ကျပ်ငွေသိန်း (၁၀၀) နှင့် ညီမျှသည့် ဘတ်ငွေကို လွှဲပြောင်းမည်ဆိုပါက တစ်ကြိမ်လျှင် ဝန်ဆောင်ခ (၄၉) ဘတ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့၏ ငွေလဲလှယ်နှုန်းထားကို Dee Money App ကနေ နေ့စဉ်ပြောင်းလဲဖော်ပြပေးနေပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအားလုံးအတွက် လုံခြုံစိတ်ချရသည့် ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်း သံရုံးကဆိုသည်။

လက်ရှိတွင် ထိုင်း – မြန်မာ ငွေလဲနှုန်းများ တည်ငြိမ်မှုမရှိဘဲ ကျပ်ငွေတန်ဖိုးကျဆင်းနေကာ ထိုင်းဘတ် တစ်ဘတ်လျင် မြန်မာငွေ (၁၀၀)ကျော်သည်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

Photo-Myanmar Embassy Bangkok


LEAVE A REPLY

Please enter your comment!
Please enter your name here