မုံရွာမြို့တွင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး​ခေါင်းကိုပစ်ခတ်ခါ လူသတ်ဓါးပြတိုက်မှုဖြစ်ပွား

0
994

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်တွင် မွေးဖွားခါနီးကိုယ်ဝန်ဆောင်သည်အားသတ်ဖြတ်၍ ဖုန်း (၂) လုံးနှင့် ကလစ်ဆိုင်ကယ်တို့အား ဓားပြတိုက်ယူဆောင်သွားသည့် လူသတ်ဓါးပြတိုက်မှု ယမန်နေ့ သြဂုတ် (၁၀) ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ (၃) နာရီခန့်က အမည်မသိ အမျိုးသား ၆​ယောက်အုပ်စု(အချို့ကလက်နက်ငယ်ပါ) သည် မုံရွာမြို့၊ ထန်းတောအင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးသို့ ရောက်ရှိလာကာ ဆိုင်ကယ်ယူပြီး ကိုယ်ဝန်ဆောင်သည် မ​အေးငြိမ်းသူထံမှ ဖုန်းကိုလုယူရာ မ​ပေးဘဲပြန်လုသဖြင့် ကိုယ်ဝန်​ဆောင် အမျိုးသမီး​၏ ခေါင်းအား သေနတ်ဖြင့်ပစ်ခတ်ခဲ့‌ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်ခဲ့စဉ် နေအိမ်အတွင်းရှိ အမျိုးသမီးကြီး ​ဒေါ်တင်တင်မြတ်က ပတ်ဝန်းကျင်အား ​အော်ဟစ်အကူညီ​တောင်းခံခဲ့သဖြင့် ၎င်းကိုပါ ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဦးခေါင်းအားသေနတ်ဖြင့်အပစ်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး မ​အေးငြိမ်းသူမှာ အခင်းဖြစ်ရာ​နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ​အော်ဟစ်အကူညီတောင်းခံခဲ့သည့် ဒေါ်တင်တင်မြတ်တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများသည် ယင်းကဲ့သို့ ပစ်ခတ်ပြီးနောက် နေအိမ်အတွင်းရှိ ဖုန်း (၂)လုံးနှင့် ကလစ်ဆိုင်ကယ်တို့အား ဓားပြတိုက်ယူဆောင်ကာ လယ်ဇင်​ကျေးရွာဖက် သို့ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“အတော်ဆိုးရွားတဲ့ဖြစ်စဥ်ပါ။ ကိုယ်ဝန်​​ဆောင် မိခင်တစ်ယောက်ကို သတ်ဖြတ်သွားတာက လူမဆန်တဲ့လုပ်ရပ်ပါ။ နယ်​မြေမှာ​တော့ တ​နေ့တမျိုးမရိုးရဘူး။ လက်နက်ကိုင်အကြမ်းဖက်အုပ်စု​တွေများ​တော့ တချို့ဓါးပြ​တွေလည်း ထလို့​ကောင်း​နေတာ​ပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ဒဏ်ရာရရှိသူ ဒေါ်တင်တင်မြတ်အား ဆေးရုံသို့ ပို့ဆောင်တင်ထားကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here