ပဲခူးမြို့ရှိ ရန်ကုန်-မန္တလေးရထားလမ်းတွင် ရေကျော်နေသဖြင့် ရထားခရီးစဥ်များအား ယာယီရပ်နားခဲ့ရ

0
161

ပဲခူးတိုင်းအတွင်း သြဂုတ် ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ည ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၏ ပဲခူး-ဘုရားကြီးဘူတာကြား မိုင်တိုင် ၄၆ မိုင် ၁၅ ဖာလုံမှ ၄၇ မိုင် ၃ ဖာလုံအထိ ရထားသံလမ်းပေါ်တွင် (၁၀)လက်မခန့်ရေကျော်ခဲ့သည်။

ထို့ကြောင့် ရထားများသွားလာရန်မဖြစ်၍ ပဲခူး- ဘုရားကြီးရထားလမ်းပိုင်းအား ည ၆ နာရီ ၄၁ မိနစ်တွင် ယာယီပိတ်ထားခဲ့ရသဖြင့် အမှတ် (၅)အဆန်လူစီးအမြန်ရထားသည် ည ၇ နာရီ၊အမှတ် (၃)အဆန်လူစီးအမြန်ရထားသည် ည ၇ နာရီ ၅၀ မိနစ်တို့တွင် ပဲခူးဘူတာ၌ရပ်တန့်ခဲ့ရသည်။

ထို့ပြင် အမှတ်(၉၉၄)အစုန် ကုန်ရထားသည် ပျဉ်ပုံကြီးဘူတာသို့ ညနေ ၅ နာရီခွဲ၊အမှတ်(၉၂၄)အစုန်ကုန်ရထားသည် ကဒုတ်ဘူတာသို့ ညနေ ၆ နာရီ ၄၅ မိနစ်၊အမှတ် (၂၇၂)အစုန်ကုန်ရထားသည် ကလိဘူတာသို့  ည ၈ နာရီခွဲ၊အမှတ် (၉၀၄)အစုန်ကုန် ရထားသည် ပိန်းဇလုပ်ဘူတာသို့ ည ၈ နာရီ ၄၅ မိနစ်၊အမှတ်(၁)အဆန်စာပို့ရထားသည် ကျောက်တန်းဘူတာသို့ ည ၁၁ နာရီ ၁၇ မိနစ်တို့တွင် ရောက်ရှိရပ်တန့်ခဲ့ရသည်။

ထို့အတူ အမှတ်(၂)အစုန်စာပို့ရထားသည် ပြွန်တန်ဆာဘူတာသို့ သြဂုတ် ၁၁ ရက်(ယနေ့)နံနက် ၂ နာရီ ၂၃ မိနစ်၊အမှတ်(၆)အစုန်လူစီးအမြန်ရထားသည် ပျဉ်ပုံကြီးဘူတာသို့ နံနက် ၅ နာရီ ၁၇ မိနစ်၊အမှတ်(၄) အစုန် လူစီးအမြန်ရထားသည် ဒိုက်ဦးဘူတာသို့ နံနက် ၆ နာရီခွဲတို့တွင် ရောက်ရှိရပ်တန့်ခဲ့ရသည်။

ထို့ကြောင့် နံနက် ၁၀ နာရီခွဲမှစ၍
ပဲခူးဘူတာရှိ အမှတ်(၅)အဆန်နှင့်အမှတ်(၃)အဆန် လူစီးအမြန်ရထားပေါ်မှ ခရီးသည်များကို ပျဉ်ပုံကြီးဘူတာသို့ ပျဉ်ပုံကြီးဘူတာရှိ အမှတ်(၆)အစုန်နှင့်အမှတ်(၄) အစုန်လူစီးအမြန်ရထားပေါ်မှ ခရီးသည်များကို ပဲခူးဘူတာသို့ RBE ရထား ၃ စီးဖြင့် တာဝန်ရှိသူများကရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရထားလမ်းဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချရသည့်အခြေအနေရှိပါက ကျန်ရှိသော လူစီးရထားများကို ဆက်လက်ထွက်ခွာနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here