အားကစားသည် အမျိုးသားရေးပင်ဖြစ်၍ အလေးထားဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
163

အားကစားကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၁ ရက်မွန်းလွဲက ဧရာဝတီတိုင်းအတွင်း အားကစားကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများအားမှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက်များတွင် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအချက်တစ်ချက်အနေဖြင့် ထည့်သွင်းချမှတ်ထားပြီးဖြစ်၍ အားကစားကို အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ခြင်းဟာ မိမိတို့နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်ကိုမြှင့်တင်ပေးခြင်းပဲဖြစ်ပါတယ်၊ တိုင်းချစ်ပြည်ချစ်စိတ်တွေနဲ့အမျိုးသားရေးစိတ်ဓာတ်တွေကိုလည်း နိုးကြားတက်ကြွလာစေမှာဖြစ်ပါတယ်၊ အားကစားဟာ အမျိုးသားရေးပင်ဖြစ်လို့ အလေးထားဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် အားကစားကွင်းများကိုအဆင့်မြှင့်တင်ရာတွင် လာရောက်ကြည့်ရှုနိုင်မည့် ပွဲကြည့်ပရိသတ်အင်အားပမာဏကို ထည့်သွင်းစဉ်းစားရန်လိုကာ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကိုကြည့်၍ ရေရှည်မျှော်တွေးဆောင်ရွက်ရန်နှင့်အဆင့်မီပြီးခေတ်နှင့်လျော်ညီသည့် စံချိန်မီအားကစားရုံ၊အားကစားကွင်းများဖြစ်ရန်လိုသည်ဟု ဆိုသည်။

ထို့အတူ ကားရပ်နားရန်နေရာများ၊အရေးပေါ်အခြေအနေတွင် အဝင်/အထွက်လွယ်ကူအဆင်ပြေစေမည့် လူထွက်ပေါက်များကိုလည်း ထည့်သွင်း စဉ်းစားအဆင့်မြှင့်တင်သွားရမည်ဖြစ်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ရာတွင် ခွင့်ပြုပေးထားသည့်မြေနေရာများကို စနစ်တကျ တွက်ချက်ဆောင်ရွက်ရမည်ဟု ဆိုသည်။

” အားကစားအဆင့်အတန်းကောင်းမွန်အဆင့်မြင့်လာစေဖို့အတွက် အားကစားကွင်းတွေ အားကစားရုံတွေဟာ သတ်မှတ်ထားတဲ့ အဆင့်အတန်းမီဖို့လိုပါတယ် အဲ့လို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှသာ အားကစားတိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်၊ နည်းပြတွေကလည်း အရည်အချင်းပြည့်မီစေဖို့ ဆောင်ရွက်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကိုးသိန်းအားကစား ပြိုင်ကွင်း၊ကျောက်တိုင်အားကစားကွင်းနှင့်ပုသိမ်မြို့၌ ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ပွဲကြည့်စင်တည်ဆောက်ရာတွင် ပရိသတ်အရေအတွက်များများဝင်ဆံ့နိုင်အောင်တွက်ချက်ဆောင်ရွက်ရန်၊ ရာသီဥတုဒဏ် အထူးသဖြင့် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်အောင် တွက်ချက်ဆောင်ရွက်ရန် မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here