ကားဖြင့်တိုက်ခံရပြီး ဇေကမ္ဘာဝန်းအတွင်း စွန့်ပစ်ခံခဲ့ရသည့်စိတ်ဝေဒနာရှင် အမျိုးသမီးငယ်မှာ အ‌သက်ရှင်နိုင်ရန်အခြေနေမကောင်းဟုဆို

0
379

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကားဖြင့်တိုက်ခံရပြီး ဇေကမ္ဘာဝန်းအတွင်း စွန့်ပစ်ခံခဲ့ရသည့်စိတ်ဝေဒနာရှင် အမျိုးသမီးငယ်မှာ အ‌သက်ရှင်နိုင်ရန်အခြေနေမကောင်းကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက် ည ၇ နာရီခန့်က စိတ်ဝေဒနာရှင် အမျိုးသမီးငယ်သည် လက်ထဲ ကလေးအရုပ်ပိုက်ကာ ရွှေပေါက်ကံ အင်းဝလမ်းမကြီး နှင့် (၁၅) လမ်းမအနီးတွင် လမ်းလျှောက်နေစဉ် Hijet အဖြူရောင် နံပါတ်မသိယာဉ်မှ တိုက်မိခဲ့မှုဖြစ်ပွားခဲ့သည်။

ကားပေါ်တွင် အမျိုးသား (၃) ဦးအမျိုးသမီး(၁)ဦး စီးနင်းလိုက်ပါလာခဲ့ပြီး တိုက်ပြီးချိန် မောင်းပြေးသွားသည့်အတွက် ဘေးပတ်၀န်းကျင်မှ တာဝန်သိပြည်သူများမှ လိုက်လှမ်းအော်တားချိန် ကားမှာ ရပ်တန့်သွားခဲ့ပြီး အတိုက်ခံရသူ စိတ်ဝေဒနာရှင် အမျိုးသမီးငယ်အားကားပေါ်ဆွဲတင်ကာ ဇေကမ္ဘာဝန်းဘက်သို့ မောင်းနှင်သွားခဲ့သည်ဟု သိရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က အသိပေးထားသည်။

အဆိုပါအမျိုးသမီးငယ်အား ဩဂုတ်လ ၉ ရက် ညပိုင်းတွင် ဇေကမ္ဘာဝန်း၊ ဇေကမ္ဘာ (၈) လမ်း လမ်းဘေးခြုံထဲ၌ တွေ့ရှိခဲ့သည့်အတွက် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

” သူက သားအိမ်ကင်ဆာဖြစ်နေတယ်၊ မိန်းကလေးတွေမှာ သားအိမ်ကင်ဆာဆိုရင်တော့ အခြေနေသိပ်မကောင်းဘူးလေ၊ အဖွဲ့ဆီမှာ ဆေးကုသမှုခံယူစေခဲ့ပြီး သဘာ၀တရားရိပ်သာ (သန်လျင်) ကိုလက်လွှဲလိုက်တယ်၊ အဲ့ဒီမှာ ဆေးကုသမှုခံယူနေတယ်၊ အခြေနေကတော့ သိပ်မခံတော့ဘူး၊ မိန်းမကိုယ်က ပြည်ကျတာမျိုးရှိတယ် ဆေးပညာအရကြည့်မယ်ဆိုလည်း ဆရာ၀န်တွေရဲ့ ပြောစကားအရသိပ်မခံတော့ဘူး” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ကားဖြင့် တိုက်မိပြီး စွန့်ပစ်သွားသည့် Hijet ယာဉ်ကိုလည်း နံပါတ်မသိလိုက်သည့်အတွက် စုံစမ်းရ ခက်နေကြောင်း သိရသည်။

Photo – Ko Htin Lin Aung


LEAVE A REPLY

Please enter your comment!
Please enter your name here