ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန် ရပ်တန့်ထားရသည့် စက်ရုံများ ပြန်လည်ပတ်နိုင်ရေးကို ကြိုးပမ်းနေ

0
297

မြန်မာနိုင်ငံအတွင်း စက္ကူလိုအပ်ချက်အား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၂ ရက်နံနက်ပိုင်းက မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊သတင်းစာစက္ကူစက်ရုံ(သာပေါင်း)စတင်ဖွင့်လှစ်လည်ပတ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့်သတင်းစာ စက္ကူစက်ရုံ(သာပေါင်း)တို့သည် ယခင်ကလုပ်ငန်းလည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများရပ်တန့်ခဲ့ရသည်ဟုဆိုသည်။

ထို့ကြောင့် နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ကျောင်းသုံး၊သတင်းစာစသည့် စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ်ပြည်ပမှတင်သွင်းအသုံးပြုနေရ၍ နိုင်ငံခြားငွေများစွာသုံးစွဲကုန်ကျလျက်ရှိသည်ဟု ဆိုသည်။

ယခုစက်ရုံစု စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်ကာ ခေတ်ကာလအခြေအနေအရ Online မီဒီယာအသုံးပြုမှုပိုမိုများပြားလာပြီး Printed မီဒီယာပိုင်းအားနည်းချက်ရှိလာသဖြင့် သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ဟု ဆိုသည်။

“သတင်းစာစက္ကူလိုအပ်ချက်လျော့နည်းလာပေမယ့် နေ့စဉ်ထုတ်သတင်းစာတွေဟာ သမိုင်းကို ဖော်ပြနေခြင်းဖြစ်လို့ နိုင်ငံတိုင်းမှာ သတင်းစာတွေကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပါတယ် သတင်းစာစက္ကူ လိုအပ်ချက်ဟာလည်း အမြဲမပြတ်ရှိနေမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တွင် ယခင်က ထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူများကိုကြည့်ရှုစစ်ဆေးရာ အရည်အသွေးများစွာကောင်းမွန်မှုရှိသည်ကိုတွေ့ရှိရသဖြင့် သတင်းစာထုတ်လုပ်ခြင်းအပြင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည်ဟု ဆိုသည်။

စက္ကူလိုအပ်ချက်အား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ပါက နိုင်ငံခြားငွေသုံးစွဲနေရမှု များစွာလျော့နည်းသွားစေမည်ဖြစ်ကာ အခြား သွင်းကုန်ပစ္စည်းများဖြစ်သည့် ရာဘာထုတ်ကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများကိုလည်း ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဟု ဆိုသည်။

ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများမြှင့်တင်နိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊အလုပ်ရုံများ ပြန်လည် လည်ပတ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here