ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာသည့် စက်လှေတစ်စီး ဗြိတိသျှ ရေလက်ကြားတွင် နစ်မြုပ်ခဲ့ပြီး လူခြောက်ဦး သေဆုံး

0
771

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာသည့် စက်လှေတစ်စင်း ပြင်သစ်ကမ်းလွန် ဗြိတိသျှရေလက်ကြားအတွင်း နစ်မြုပ်ခဲ့သဖြင့် လှေပေါ်ပါသူ လူခြောက်ဦး သေဆုံးခဲ့သည်။

ယင်းစက်လှေသည် စနေနေ့အစောပိုင်းတွင် ကလာအစ်မြို့အနီး ပင်လယ်ထဲတွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

လှေပေါ်ပါဝင်သူအများစုမှာ အာဖဂန်လူမျိုးများဖြစ်ပြီး လူငါးဆယ့်ကိုးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြင်သစ်နှင့် ဗြိတိန် ကမ်းခြေစောင့်တပ်များမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် ပျောက်ဆုံးနေသူ နှစ်ဦးကို ရှာဖွေနေဆဲဖြစ်သည်။

သေဆုံးသွားသူ ခြောက်ဦးသည် အသက် ၃၀ အရွယ် အာဖဂန် အမျိုးသားများဟု ယူဆရကြောင်း AFP သတင်းဌာနက ပြင်သစ် ကမ်းရိုးတန်းမြို့ Boulogne ၏ လက်ထောက် အစိုးရရှေ့နေ Philippe Sabatier ကို ကိုးကား၍ ရေးသားထားသည်။

ကယ်တင်ခံရသူများတွင် ဆူဒန်နိုင်ငံသားအချို့ရှိသော်လည်း အများစုမှာ အာဖဂန်နစ္စတန်မှဖြစ်ကြကာ ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

လူမှောင်ခိုသယ်ယူတင်သွင်းသူများသည် ချို့ယွင်းနေသော လှေများကို အသုံးပြု၍ ပင်လယ်ကိုဖြတ်ကူးရာတွင် အစဉ်လိုလိုပင် နစ်မြုပ်လေ့ရှိသဖြင့် ယခုကဲ့သို့ ရေထဲမှကယ်တင်ခဲ့ရခြင်းမှာ ယခုသီတင်းပတ်အတွင်း သတ္တမအကြိမ်ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here