လယ်ဝေး၊ ရမည်းသင်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် (၁၇၀၀) သိန်းကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများဖမ်းမိ

0
316

လယ်ဝေး၊ ရမည်းသင်းနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ငွေကျပ် ၁၇၈၆ ဒသမ ၈ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား ပြီးခဲ့သည့် သြဂုတ် (၉) ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ နံနက် (၉) နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဂျွန်ပီတာ(ခ) ဂျိုးစက်(၄၀)နှစ် မောင်းကာ အောင်သိမ်း(၄၁)နှစ်နှင့် စိုးဝင်းဌေး(၄၀)နှစ်တို့လိုက်လာသည့် NISSAN ATLAS ကားကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရှာဖွေရာတွင် ကားပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ဆာလဖျူရစ်အက်စစ် (၂၆၆၀) လီတာအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးမှုများပြုလုပ်ရာ နေ့လည် (၁) နာရီခွဲတွင် အက်စစ်များ တင်ဆောင်ပေးသူများဖြစ်သည့် သန့်ဇင်ဦး (ခ)သန့်ဇင်(၄၀)နှစ်နှင့် ထက်အောင်ပိုင် (ခ)ကိုပိုင် (၃၀) နှစ်တို့အား ရန်ကုန်တိုင်းအတွင်း၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ နေ့လယ် (၃) နာရီခွဲ၌ ကျော်သူဟိန်း (၂၇) နှစ်၊ ရဲအောင်(ခ)ကိုရဲ(၃၆)နှစ်၊ ခင်မောင်ဦး(၃၄)နှစ်၊ ဇာနည်လင်း(၂၇)နှစ်နှင့် ဌေးဝင်းစိုး(ခ)ကုလား(၂၅) နှစ်တို့အား ရမည်းသင်းမြို့အထွက် ရန်ကုန် – မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၇၄/၆ အ နီးတွင် ဟိုက်ဒရိုကလိုရစ် အက်စစ် (၁၈၂၀၀) လီတာအား တင်ဆောင်လာသည့် (၂၂) ဘီးတွဲကားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့အတူ ညနေ ၅ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ နွယ်ခွေကျေးရွာ၊ အမှတ်(၃) ဆက်သွယ်လမ်းရှိ ထက်အောင်ပိုင်(ခ)ကိုပိုင်(၃၀) နှစ်၏ ဂိုဒေါင်အတွင်းမှ ဆာလဖျူရစ်အက်စစ် (၁၀၂၀၀) လီတာအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး သြဂုတ် (၁၀)ရက်မွန်းလွဲ (၂) နာရီ (၁၅) မိနစ် တွင် အက်စစ်များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်စွာမြင့်(ခ)ကျော်စွာ(၄၉)နှစ်အား နမ့်စန်မြို့နယ်၊ လွိုင်လင် – နမ့်စန်သွားကားလမ်း (၈)မိုင် နတ်စင်အနီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ငွေကျပ် ၁၇၈၆ ဒသမ ၈ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here