နိုင်ငံခြား​ငွေ​ တရားမဝင် ဝယ်/ရောင်း နေသူများအား စစ်ဆေး ဖော်ထုတ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်

0
390

အမေရိကန် ဒေါ်လာဖြင့် ပေးချေမှုများကိုလျှော့ချပြီး ယွမ်နှင့် ဘတ်ကို တိုးမြှင့်သုံးစွဲခြင်းဖြင့် ယွမ်နှင့် ဘတ်လဲလှယ်နှုန်းများ ပြင်ပသက်ရောက်မှုများကြောင့် အတက်အကျမများဘဲ လဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် Online Trading အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေကပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပို့ကုန်တင်ပို့သူနှင့်သွင်းကုန်တင်သွင်းသူများအကြား သဘောတူညီချက်များဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခဲ့ခြင်း၊ ဈေးကွက်၏ အမှန် ရောင်းလိုအား၊ ဝယ်လိုအားကိုမလျော်ညီသော လဲလှယ်နှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြခြင်းနှင့်အခြား ပြင်ပအကြောင်းအချက်များကိုမူတည်၍ ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဇွန် ၂၂ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဦးဆောင်ပြီး AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား၊ Customer အချင်းချင်းအကြားရောင်းဝယ်ခြင်းကို Online Trading အစီအစဉ်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအစီအစဉ်တွင်ပါဝင်မည့် ပို့ကုန်တင်ပို့သူ၊ သွင်းကုန် တင်သွင်းသူများ၊ ဘဏ်များ လိုက်နာရမည့်အခြေခံသတ်မှတ်ချက်များအား သတ်မှတ်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Online Trading အစီအစဉ်တွင် နိုင်ငံခြားငွေ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတရန် ဗဟိုဘဏ် အနေဖြင့်လိုအပ်သလို ငွေကြေးပံ့ပိုးပေးနိုင်ခြင်း Financing ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ် ကုန်သွယ်ရေးတွင် ယွမ်နှင့်ဘတ်တို့ အသုံးပြုကာ ပေးချေနိုင်သည့် အခြေအနေမှ ပုံမှန်ပင်လယ် ရေကြောင်းကုန်သွယ်ရေးတွင်လည်း ယွမ်နှင့် ဘတ်ဖြင့် ပေးချေနိုင်ပြီဖြစ်ပါကြောင်း သိရသည်။

ငွေလဲ​ကောင်တာများလိုင်စင်ရယူပြီး တရားမဝင် ရောင်းဝယ်နေမှုများကိုအပြင်တွင်ရောင်းဝယ်နေခြင်းများအား လိုင်စင် အပြီးပိတ်သိမ်းရန် ဆောင်ရွက်နေကြောင်းပါသိရသည်။

ယင်း Online Trading အစီအစဉ်အရ ပို့ကုန်တင်ပို့သူများသည် သတ်မှတ်ကာလအတွင်း နိုင်ငံခြားငွေကို ပြည်တွင်းသို့ပြန်လည်လွှဲပို့နိုင်သည့်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ Online Trading အစီအစဉ်တွင် ရောင်းဝယ်လျက်ရှိသော နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဘဏ်များ၏ Website တွင် တွေ့ရှိနိုင်သကဲ့သို့ ယင်းလဲလှယ်နှုန်းသည် တရားဝင်လဲလှယ်နှုန်းများဖြစ်ကြောင်း၊ ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေကြေးဈေးကစားသူများသည် ကောလာဟလသတင်းအမျိုးမျိုးထုတ်လွှင့်ပြီး ငွေကြေးဈေးကွက်ကမောက်ကမဖြစ်စေရန် လှုံ့ဆော်နေသည်ကို အားလုံးသိရှိနိုင်ကြောင်း၊ နိုင်ငံခြားငွေကြေးများအား တရားမဝင်သော နည်းလမ်းများဖြစ်သည့် ဟွန်ဒီနည်းလမ်း၊ ငွေသားများ လက်သိပ်ထိုးရောင်းသောနည်းလမ်း၊ နယ်စပ် ဒေသရှိ တရားမဝင် လုပ်ငန်းများမှ ဝယ်ယူရောင်းချနေသူများရှိကြောင်း၊ ယင်းသို့ ပါဝင်ပတ်သက်ဆောင်ရွက်သည့် ပုဂ္ဂိုလ်များအားကျော်ဇောသတင်းများအရ စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here