ပြည်ပသွားမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ(ငွေသား)ကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်ကို AD လိုင်စင်ရဘဏ်များရောင်းပေးနေ

0
318

ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများမှ စုစုပေါင်း လူဦးရေ ၂၉၅၆ ဦးအား အသေးသုံးနိုင်ငံခြားငွေ(ငွေသား) ရောင်းချထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ယင်း အစီအစဉ်စတင်သည့် မေလ ၃၁ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့အထိ ၂လကျော်အတွင်း လူဦးရေ ၂၆၀၃ ဦးသို့ အမေရိကန်ဒေါ်လာ ၇၈၉,၈၀၆ အားလည်းကောင်း၊ လူဦးရေ ၃၀၁ ဦးသို့ ထိုင်းဘတ်ငွေ ၂,၄၅၄,၅၅၀ အားလည်းကောင်း ၊ လူဦးရေ ၂၇ ဦးထံသို့ စင်ကာပူဒေါ်လာ ၉,၈၆၁ အားလည်းကောင်း၊ လူဦးရေ ၂၀ ဦးသို့ မလေးရှားရင်းဂစ် ၁၆,၇၃၈ အားလည်းကောင်း၊ လူဦးရေ ၅ ဦးသို့ ယူရို ၁,၄၅၀ အား ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင်လည်း နေ့စဉ်ဈေးကွက်၏ ပျမ်းမျှ ငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာ ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အတွင်းဖြင့်လည်းကောင်း၊ ထိုင်းဘတ် ၁ ဘတ်လျှင် ၇၅ ကျပ်မှ ၈၅ ကျပ်အတွင်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

AD လိုင်စင်ရဘဏ်များမှ Money Changer Counter များတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများသို့ အသေးသုံးနိုင်ငံခြားငွေ(ငွေသား)ကို တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်(ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးရန် အဆိုပါ AD လိုင်စင်ရဘဏ်များသို့ (၂၆.၅.၂၀၂၃) ရက်စွဲဖြင့် ညွှန်ကြားထားပြီးဖြစ်သည်။

ယင်းကြောင့် ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့်အညီ AD လိုင်စင်ရဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer Counter များတွင်ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများသို့ အသေးသုံးနိုင်ငံခြားငွေ (ငွေသား) ရောင်းချသည့်အစီအစဉ်အား မေလ ၃၁ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင် CB Bank PCL(CB) ၊ KBZ Bank ၊ AYA Bank PCL(AYA) ၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် (A Bank) ၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်(MAB) ၊ ရိုးမဘဏ်လီမိတက် (YOMA) ၊ ယူအေဘီဘဏ်လီမိတက်(UAB) ၊ အာရှစိမ်းလမ်းဖွိ့ဖြိုးရေးဘဏ်လီမိတက်(AGD) ၊ မြန်မာ့အရှေ့တိုင်းဘဏ်လီမိတက်(MOB) ၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်(GTB) ၊ ထွန်းကော်မာရှယ်ဘဏ်လီမိတက်(TCB)၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတက်ရေးဘဏ်လီမိတက်၊ ပထမပုဂ္ဂလိကဘဏ်လိမိတက်(FPB) ၊ အင်းဝဘဏ်လီမိတက်(Innwa) ၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်(MCB) တို့မှပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာဘဏ်များမှ Website နှင့် Facebook page များတွင်အသိပေးကြေညာထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here