ဖားကန့် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသူများ ယနေ့ နေ့လယ်ပိုင်းအထိ ရှာမတွေ့သေး

0
357

ယမန်နေ့ ညနေပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် ရေကန်ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသည့် ကျောက်စိမ်းရှာဖွေသူ (၃၀) ကျော်ကို ယနေ့ နေ့လယ်ပိုင်းအထိ ရှာမတွေ့သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ဩဂုတ်လ (၁၃) ရက် ညနေ (၃) နာရီခွဲဝန်းကျင်က ဖားကန့်မြို့နယ် ၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီ လုပ်ကွက်အတွင်းရှိ ရေကန်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောက်စိမ်း ရှာဖွေနေသူ (၅) ဦးထက်မနည်း ဒဏ်ရာရရှိကာ (၃၀) ကျော်မှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့သည့် ရေကန်သည် အလျားပေ (၁၀၀၀) ဝန်းကျင်၊ အနံ ပေ (၂၅၀) ဝန်းကျင်နှင့် အမြင့်ပေ (၄၀၀) ကျော် အထိ ကျယ်ဝန်းသည့် ရေကန်ဖြစ်ပြီး ကမ်းပါးပြိုကျမှုကြောင့် နှုန်းနှင့် ကန်အတွင်းမှ ရေများ၏ ရိုက်ခတ်မှုကြောင့် ကမ်းပါးတွင် ကျောက်စိမ်း လက်ကျင်းတူးဖော်နေသူများ နွံကန်အတွင်း မျောပါ ပျောက်ဆုံးနေခြင်းလည်း ဖြစ်သည်။

” ရှာတွေ့ဖို့က တော်တော်လေး ခဲယဉ်းတယ် ။ ဘာလို့လဲဆိုတော့ နွံကန်က တော်တော်ကျယ်တယ်လေ။ ကမ်းပြိုတဲ့အရှိန်နဲ့ ဆွဲချသွားတာဆိုတော့ အောက်ထဲရောက်ကုန်လောက်ပြီ။ သေကြပြီလို့ပဲ ယူဆရတော့မှာပေါ့။ အကုန်လုံးဆို ပျောက်နေတဲ့ သူက (၃၅/၃၆) လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူက (၈) ယောက်ဆိုလား မသိဘူး” ဟု ဖားကန့်ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပျောက်ဆုံးနေသူများထဲတွင် ရေမဆေးရှာဖွေသူများ ပါဝင်သလို ကုမ္ပဏီမှ ဝန်ထမ်းများလည်း ပါဝင်နေပြီး စာရင်းအတိအကျကို အတည်ပြုရန် အခက်အခဲရှိကြောင်းလည်း ၎င်းကဆိုသည်။

ကျောက်စိမ်းမှော်‌နယ်မြေဖြစ်သည့် ဖားကန့်မြို့နယ်အတွင်း၌ ယခုကဲ့သို့ ကန်ပြိုကျမှု ၊ မြေစာပုံပြိုကျမှု ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး လူသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း ဖားကန့်မြို့နယ် ဝှေခါမှော်အတွင်း၌ အလားတူ ကမ်းပါးပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေသူ (၁၅၀) ကျော် သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း ‌သိရသည်။

ဓာတ်ပုံ – တာလင်းမောင်/ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here