ဩဂုတ်အစောပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်၌ ရေကြီးရေလျှံ ၊ သေဆုံးသူ ၅၅ ဦးအထိရှိခဲ့

0
245

စစ်တကောင်း၊ဩဂုတ် ၁၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၌ နှစ်ပတ်ကြာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် လူ ၅၅ ဦး ထက်မနည်းသေဆုံးကာ လူတစ်သန်းကျော်သည် ဘေးဒဏ်ခံခဲ့ရကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ရေကြီးမြေပြိုမှု၏ ဘေးဒဏ်ကို အခံရဆုံးဒေသလေးခု မှတာဝန်ရှိသူများကမူ အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ဩဂုတ်လ ၁ ရက်နေ့မှလက်ရှိအချိန်အထိ ကော့ဘဇားတွင်သေဆုံးသူ ၂၁ ဦး၊စစ်တကောင်းတွင် ၁၉ ဦး၊ဘန်ဒါဘန်တွင် ၁၀ ဦးနှင့် ရန်ဂါမတီတွင် ၅ ဦးအသီးသီးသေဆုံးခဲ့ကြသည်ဟုဆိုသည်။

ယခုနှစ်သည် ဘင်္ဂလားဒေ့ရှ်အတွက် မိုးရေချိန်အများဆုံးနှစ်ဖြစ်ကာ ဩဂုတ် ၇ ရက်နေ့တွင် မိုးရေချိန် ၃၁၂ မီလီလီတာအထိရွာသွန်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှိမိုးလေဝသဌာန၏ပြောကြားချက်အရသိရသည်။

ကော့ဘဇားဒေသ၌မူ လူပေါင်း ၆၀၀,၀၀၀ ခန့် သည် ရေလွှမ်းမိုးမှုဒဏ်ကိုခံစားခဲ့ရကာ ၂၁ ဦးသေဆုံးခဲ့သည်ဟုလည်း ကော့ဘဇားဒေသခရိုင်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။မြေပြိုမှုအန္တရာယ်ရှိနေသည့် ဒုက္ခသည်စခန်းမှလူပေါင်း ၂,၀၀၀ ခန့်ကိုလည်း ပြန်လည်နေရာချထားပေးသည်ဟု၎င်းကဆိုသည်။

စစ်တကောင်းနှင့်ကော့ဘဇားကြား သယ်ယူပို့ဆောင်ရေးမှာလည်း ရက်အနည်းငယ်ပြတ်တောက်သွားခဲ့ပြီး အသစ်ခင်းထားသော ရထားလမ်းများပါပျက်စီးခဲ့ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံးခံစားရသည့်ဒေသများသို့ အစားအစာနှင့်သက်သာ‌ချောင်ချိရေးပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်ဟုလည်းတာဝန်ရှိသူများကဆိုသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here