ထိုင်ဝမ်သည် ခြိမ်းခြောက်မှုများကြောင့် နောက်ပြန်လှည့်မည်မဟုတ်ဟု ဒုသမ္မတကအမေရိကန်ရောက်စဉ်ပြောကြား

0
276

တိုင်ပေ၊ဩဂုတ် ၁၄

ထိုင်ဝမ်ဒုတိယသမ္မတသည် ၎င်း၏ပါရာဂွိုင်းခရီးစဉ်အတွင်း ပေကျင်း၏ကန့်ကွက်မှုကြားမှပင် အမေရိကန်မှတစ်ဆင့် လေယာဉ်ပြောင်းစီးကာ ထိုင်ဝမ်သည် ခြိမ်းခြောက်မှုများကြောင့် နောက်ပြန်လှည့်လက်လျှော့မည်မဟုတ်ကြောင်း ထောက်ခံသူများအားပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်အမေရိကန်က ပါရာဂွိုင်းခရီးစဉ်အတွက် အမေရိကန်မှလေယာဉ်ပြောင်းစီးခြင်းသည် သာမန်ကိစ္စတစ်ခုသာဖြစ်ပြီး ထူးဆန်းသောကိစ္စမဟုတ်ဟုဆိုသော်ငြားလည်း ပေကျင်းကမူ အပြင်းအထန်ကန့်ကွက်ရှုံ့ချကာ မစ္စတာလိုင်အားပြဿနာရှာသူတစ်ဦးဟုဆိုခဲ့သည်။

မစ္စတာလိုင်က “တိုင်ပေအတွက် အာဏာရှင်စနစ်ရဲ့ ခြိမ်းခြောက်မှု ဘယ်လောက်ပဲကြီးမားပါစေ၊ ကျွန်တော်တို့လုံးဝကြောက်လန့်နေမှာမဟုတ်သလိုဆုံးဖြတ်ချက်က ယိမ်းယိုင်သွားမှာလည်းမဟုတ်ပါဘူး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုရဲ့တန်ဖိုးတွေကို ကျွန်တော်တို့ထိန်းသိမ်းသွားမှာပါ” ဟုပြောကြားခဲ့သည်။

ပေကျင်းအနေဖြင့်မူ ထိုင်ဝမ်သည် အမေရိကနှင့်၎င်းတို့အကြားသဘောထားကွဲလွဲခြင်း၏အဓိကအရာတစ်ခုအဖြစ်ယူဆထားပြီး ထိုင်ဝမ်အနေဖြင့်မူ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိရန်အတွက် တရုတ်နှင့်ဆွေးနွေးမှုပြုရန်ဆန္ဒရှိကြောင်းမစ္စတာလိုင်ကဆိုခဲ့သည်။

သို့သော်ငြားလည်း မစ္စတာလိုင်က ၎င်းအနေဖြင့် ထိုင်ဝမ်၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကိုကာကွယ်ပေးမည်ဖြစ်ကာ ထိုင်ဝမ်အနာဂတ်အားထိုင်ဝမ်ပြည်သူများကသာဆုံးဖြတ်နိုင်သည်ဟုလည်းဆိုခဲ့သည်။

ထိုင်ဝမ်အရာရှိများကမူ မစ္စတာလိုင်၏ယခုခရီးစဉ်အားအကြောင်းပြု၍ တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်မှုများပြုလုပ်လာနိုင်သည်ဟုလည်းသုံးသပ်ထားကြသည်။

ဧပြီလကလည်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၏ အမေရိကအလယ်ပိုင်းခရီးစဉ်မှအပြန် ကလီဖိုးနီးယား၌ အမေရိကန်အောက်လွှတ်တော်ဥက္ကဌကယ်လ်ဗင်မက်ကာသီနှင့်တွေ့ဆုံမှုအားတုံ့ပြန်သည့်အနေဖြင့် ကျွန်းနားတစ်ဝိုက်စစ်ရေးလေ့ကျင့်မှုများကိုတရုတ်ဘက်ကပြုလုပ်ခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here