ဖားကန့် ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျရာမှ ပျောက်ဆုံးနေသူများထဲမှ (၁၄) လောင်း ရှာဖွေတွေ့ရှိထား

0
280

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက် ရေကန်ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေသည့် ကျောက်စိမ်း ရှာဖွေသူ (၃၀) ကျော်ကို ရှာဖွေလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းအထိ (၁၄) လောင်း ရှာဖွေတွေ့ရှိထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

ဩဂုတ် (၁၃) ရက် ညနေ (၃)ခွဲ နာရီဝန်းကျင်က ဖားကန့်မြိုနယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီ လုပ်ကွက်အတွင်းရှိ ရေကန်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောက်စိမ်းရှာဖွေနေသူ (၈) ဦး ဒဏ်ရာရရှိကာ (၃၆) ဦးပျောက်ဆုံးသွားသည့်အတွက် ဒေသခံပရဟိတအဖွဲ့များ ပူးပေါင်း ရှာဖွေနေခြင်းဖြစ်သည်။

“လောလောဆယ် (၁၂) လောင်းတော့ရပြီ။ အခု ပြန်ဖော်တဲ့ဟာနဲ့ဆို (၁၄) လောင်းတွေ့ထားပြီ။ ကျွန်တော်တို့ အဖွဲ့စည်းတွေ အကုန်လုံးတော်တော်များများ ရှာနေကြတယ်။ ရာသီဥတုက မိုးတွေရွာနေတယ်။ မိုးရွာတော့ လုပ်ရကိုင်ရ ခက်ခဲနေတယ်။ ပြိုလာရင် နည်းနည်းပြန်ပြေး နားလိုက်၊ ပြန်ရှာလိုက်လုပ်နေရတယ်။”ဟု ပျောက်ဆုံးနေသူများအားရှာဖွေနေသည့် ဒေသခံ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် ရေကန်မှာ အလျားပေ (၁၀၀၀) ဝန်းကျင်၊ အနံပေ (၂၅၀) ဝန်းကျင်နှင့် အမြင့်ပေ (၄၀၀) ကျော် အထိ ကျယ်ဝန်းပြီး ကမ်းပါးပြိုကျမှုကြောင့် နှုန်းနှင့် ကန်အတွင်းမှ ရေများရိုက်ခတ်မှုကြောင့် ကျောက်စိမ်း လက်ကျင်း တူးဖော်နေသူများ နွံကန်အတွင်း မြောပါ ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ပျောက်ဆုံးနေသူ (၃၆) ဦးစလုံး သေဆုံးသွားပြီဟု ယူဆရကာ ဒေသတွင်း ပရဟိတအဖွဲ့အစည်း (၁၀) ဖွဲ့ကျော် ပူးပေါင်းကာ ရှာဖွေမှုများ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဩဂုတ်လ (၁၅) ရက် နေ့လယ် (၁) နာရီဝန်းကျင်အထိ အလောင်း (၁၄) လောင်း ရှာတွေ့ထားပြီဖြစ်သည်။

ပျောက်ဆုံးနေသူများတွင် ရေမဆေးရှာဖွေသူများနှင့် ကုမ္ပဏီ ဝန်ထမ်းများ ပါဝင်နေပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း ဖားကန့်မြို့နယ် ဝှေခါမှော်အတွင်း အလားတူ ကမ်းပါးပြိုကျမှုကြောင့် ကျောက်စိမ်းရှာဖွေသူ ၁၅၀ ကျော် သေဆုံးခဲ့ရမှုလည်း ဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ – ဒေသတွင်းပရဟိတနှင့် လူမှုကူညီရေးအသင်းများ


LEAVE A REPLY

Please enter your comment!
Please enter your name here