မြောက်ကိုရီးယားနှင့်ရုရှားခေါင်းဆောင်များစာဖြင့်ဆက်သွယ်၊နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်ကတိပြု

0
342

ဆိုးလ်၊ဩဂုတ် ၁၅

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်းနှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့သည် ဩဂုတ်လ ၁၅ ရက်က အပြန်အလှန်စာပို့ခဲ့ကြပြီးရေရှည်တည်တံ့သော မဟာဗျူဟာမြောက်ဆက်ဆံရေးကိုမြှင့်တင်ရန်ကတိပြုခဲ့ကြကြောင်း ပြုံယမ်းနိုင်ငံပိုင်မီဒီယာ KCNA ကပြောကြားခဲ့သည်။

အဆိုပါစာများတွင် ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ ကိုရီးယားလွတ်မြောက်ခြင်း ၇၈ နှစ်မြောက်နေ့အတွက် အကြောင်းအရာများပါဝင်ပြီး တောင်ကိုရီးယားတွင်လည်း ယင်းနေ့ကိုနိုင်ငံတော်အားလပ်ရက်အဖြစ်ကျင်းပသည်ဟုသိရသည်။

ပူတင်ထံပေးပို့သောစာတွင် ကင်မ်ဂျုံအမ်းက ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုအနိုင်ရရှိကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှေ့ဆက်ခဲ့ပြီး ယခုအခါဩဇာလွှမ်းမိုးဗိုလ်ကျချင်သူများအား ချေမှုန်းရန်ကြိုးပမ်းမှုတွင် အစွမ်းအစများကို အပြည့်အဝပြသနိုင်နေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

“ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုသည် ခေတ်သစ်၏လိုအပ်ချက်အရ ရေရှည်တည်မြဲသော မဟာဗျူဟာမြောက်ဆက်ဆံရေးတစ်ခုအဖြစ် ပိုမိုတိုးတက်ကောင်းမွန်လာမည်ကို ကျွန်ုပ် အခိုင်အမာယုံကြည်ပါသည်” ဟု ကင်မ်ဂျုံအမ်းက အဆိုပါစာထဲတွင်ပြောကြားထားသည်။

၎င်းတို့နှစ်နိုင်ငံသည် ဘုံရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအောင်မြင်မှုရရှိရေးလုပ်ငန်းစဉ်တွင် အချင်းချင်း အခိုင်အမာထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်ပွဲများထွက်ပေါ်လာမည်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

ပူတင်က ကင်မ်ထံပေးစာတွင်လည်း နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်ရန်ကတိပြုခဲ့သည်။နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနှင့်လုံခြုံရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်‌ကြောင်းလည်းသမ္မတပူတင်ကကတိပြုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here