ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ပေါ်တင်လာသည့် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
162

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ပေါ်တင်လာသည့် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ယမန်နေ့ ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ ထံမှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းအရ ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)ရှိ ဟိုတယ်ကားပါကင်၀င်းအတွင်း အိုက်ရီ မောင်းနှင်ပြီး အိုက်ဆမ်(ခ)အိုက်ရွက် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀၀ )နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၅ နာရီ အချိန်တွင်အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ စိုင်းဖတ် နှင့် အိုက်ဆမ် တို့အား ကျိုင်းတုံမြို့၊ ရပ်ကွက်(၅)၊ ဟောင်ခုမ့်လမ်းတွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အိုက်ရီ(၃၉)နှစ်၊ အိုက်ဆမ်(ခ)အိုက်ရွက် (၃၈)နှစ်၊ စိုင်းဖတ်(၂၆)နှစ် နှင့် အိုက်ဆမ်(၂၈)နှစ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Photo – CCDAC


LEAVE A REPLY

Please enter your comment!
Please enter your name here