မြန်မာနိုင်ငံရှိ ဓာတ်ခွဲခန်းများကို အဆင့်မြှင့်တင်နိုင်ရေး “ယူနန်ပန်တက်စ်”နည်းပညာကုမ္ပဏီနှင့် ဝန်ကြီးဦးအောင်နိုင်ဦးတို့ ဆွေးနွေး

0
165

ကုန်ပစ္စည်းများ စမ်းသပ်စစ်ဆေးရာတွင် မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ယူနန်စက်မှုဖွံ့ဖြိုးရေးဇုန်ရှိ “ယူနန်ပန်တက်စ်”နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပမည့် (၇) ကြိမ်မြောက် တရုတ် – တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် သြဂုတ် (၁၅) ရက်နံနက် (၉) နာရီခွဲက ယူနန်စက်မှု ဖွံ့ဖြိုးရေးဇုန်ရှိ “ယူနန်ပန်တက်စ်” နည်းပညာကုမ္ပဏီအား သွားရောက်လေ့လာစဥ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးအား “ယူနန်ပန်တက်စ်”နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများက လယ်ယာထွက် ကုန်များ စမ်းသပ်စစ်ဆေးနေမှု အခြေအနေကို ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကုမ္ပဏီတာဝန်ရှိသူများမှ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှု လုပ်ငန်းများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံရှိ နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စွာ တိုးမြှင့်တင်ပို့နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here