အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းအများစုသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် MoU သက်တမ်းကုန်ဆုံးနေ၍ လုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ကြုံနေရသော စိန်ခေါ်မှုများကိုဆွေးနွေး

0
274

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းအများစုသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် MoU သက်တမ်းကုန်ဆုံးနေခြင်းနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် UNOCHA အကြီးအကဲ Mr. Martin Griffiths တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမှ UNOCHA အကြီးအကဲ Mr. Martin Griffiths အား သြဂုတ် ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် “မိုခါ”မုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးမှု၊မျိုးစေ့နှင့်မြေဩဇာများထောက်ပံ့ပေးနိုင်မှု၊အာဆီယံအဖွဲ့၏ AHA Centre မှ In Country Liaison Team က နေပြည်တော်တွင် လာရောက်ရုံးထိုင်ပြီး အကူအညီများပေးအပ်ခဲ့မှု၊အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) အဖွဲ့ဝင်(၁၄)ဦး ရခိုင်ပြည်နယ်သို့သွားရောက်၍ ကွင်းဆင်းလေ့လာမှုခဲ့မှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မိတ်ဆွေနိုင်ငံများက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပေးအပ်မှု၊ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) နှင့်ဝန်ကြီးဌာနတို့ကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု၊ UNOCHA နှင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကြား သဘောတူညီမှုစာလွှာ(LoA) သက်တမ်းတိုးရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ UNOCHA ဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာကိစ္စ၊အစိုးရမဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းအများစုသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်နားလည်မှုစာချွန်လွှာ(MoU)သက်တမ်းကုန်ဆုံးနေခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာ တွင် တွေ့ကြုံနေရသောစိန်ခေါ်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအခြေစိုက်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan၊ ရန်ကုန်မြို့ UNOCHA ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajid နှင့်ဝန်ကြီးဌာနဘက်မှ ဒု-ဝန်ကြီးဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here