မြန်မာနှင့် GCC နိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှု အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

0
298

မြန်မာနိုင်ငံနှင့် GCC နိုင်ငံများကြား စီးပွားရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်ဘက်အဆင့်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အပြန်အလှန်ခရီးစဉ်များအကောင်အထည်ဖေါ် ရန်ဆောင်ရွက်နေမှုကို ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယုက ဆွေးနွေးပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးသည် အောက်တိုဘာ (၂၀) ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ASEAN-GCC ထိပ်သီးအစည်းအဝေးကျင်းပရေးဆိုင်ရာနှင့်ပတ်သက်၍ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန၊ GCC အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့်အာဆီယံသံ အမတ်ကြီးများကြား သြဂုတ် (၁၅) ရက်ကပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးမှ ASEAN-GCC ထိပ်သီးအစည်းအဝေးကျင်းပရေး ဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ လတ်တလော မြန်မာနိုင်ငံနှင့် GCC နိုင်ငံများကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် GCC နိုင်ငံများကြား စီးပွားရေး၊ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် ရှေ့လာမည့်နှစ်များ၌ နှစ်ဘက်အဆင့်အသီးသီးမှပုဂ္ဂိုလ်များ၏ အပြန်အလှန်ခရီးစဉ်များ အကောင်အထည်ဖေါ် ရန်ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ GCC ၏ နိုင်ငံရေးနှင့်စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ လက်ထောက်အတွင်းရေး မှူးချုပ် H.E. Mr. Abdul Aziz Al-Awaisheq ၊ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာဆက်ဆံရေးအကြံပေးပုဂ္ဂိုလ် H.E. Dr. Abdullah Al-Tayer ၊ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ဌာနညွှန်ကြားရေးမှူး H.E. Mohammad Al-Qu neir နှင့် တာဝန်ရှိသူများ၊ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်သံရုံးယာယီတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here