ပြည်ထောင်စုအဆင့် ပါတီများအပါအဝင် မှတ်ပုံတင် လျှောက်ထားသည့် နိုင်ငံရေးပါတီများ၏ ထက်ဝက်နီးပါး မှတ်ပုံတင်မကျသေး

0
205

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၎င်းတိုထံ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီများကို စိစစ်ကာ ခွင့်ပြုပေးလျက်ရှိသော်လည်း ထက်ဝက်နီးပါးမှာ မှတ်ပုံတင်ခွင့်ပြုချက်ကျလာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင် ခွင့်ပြုချက်မကျသေးသည့် ပါတီများထဲတွင် ပြည်ထောင်စုအဆင့် ပါတီများ ပါဝင်နေသေးသလို ပြည်နယ်နှင့် တိုင်းအဆင့် ပါတီများလည်း ပါဝင်နေသေးကြောင်း UEC ၏ စာရင်းအချက်အလက်များကို တွက်ချက်ကြည့်ပါက သိနိုင်သည်။

ယင်းပါတီများထဲတွင် ဥပ‌ဒေထွက်လာကာစကပင် မှတ်ပုံတင် လျှောက်ထားခဲ့သည့် ပါတီများလည်း ပါဝင်နေသေးသလို နာမည်ကြီး ပါတီအချိုလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

“ကျွန်တော်တို့ မှတ်ပုံတင်ထားတာ (၅) လထဲ ရောက်ပြီပေါ့နော်။ ဥပဒေ စထုတ်တာဆိုရင် (၇) လလောက်ရှိပြီ။ ကျွန်တော်တို့ဆိုရင်လည်း ယခင်ရှိထားပြီးသား ပါတီလည်းဖြစ်တယ်။ပါတီတည်ထောင်လိုသူထဲမှာလည်းအများ စုက စိစစ်ထားပြီးသား ပုဂ္ဂိုလ်တွေ ဖြစ်တာပေါ့လေ။ ဆိုတော့ ဘာဖြစ်လို့ ဒီလောက် ကြန့်ကြာနေလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး”ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင် လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ (၆၃) ပါတီ ရှိပြီး UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၃၆) ပါတီသာရှိသေးကြောင်း UEC ၏ အချက်အလက်များအရ သိရသည်။

“အရေးကြီးတဲ့ တိုင်းရင်းသား ပါတီတွေလည်းရှိမယ်။ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့ ပါတီတွေပေါ့။ သူတို့ကတော့ ပြည်နယ်အဆင့် တင်ထားတာတွေပေါ့။ အစရှိသဖြင့် ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ပါတီတွေ တော်တော်များများတော့ ပါတီမှတ်ပုံတင်ခွင့် ကျလာတာမတွေ့ရသေးပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

UEC သို့ မှတ်ပုံတင် လာရောက်လျှောက်ထားသည့် နိုင်ငံ ရေးပါတီ (၆၃) ပါတီရှိပြီး ၎င်းတို့အနက် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၃) အရ လာရောက်လျှောက်ထားသည့် ပါတီ (၁၃) ပါတီနှင့် ပုဒ်မ (၂၅)အရ လာရောက်လျှောက်ထားသည့် ပါတီ (၅၀)ရှိကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့် ရရှိထားသည့်ပါတီ (၃၆) ပါတီရှိပြီး ပါတီမှတ်ပုံတင် စိစစ်ဆဲအခြေအနေတွင် ရှိနေသေးသည့် ပါတီမှာ (၂၇)ပါတီရှိကြောင်း UEC စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here