သာသနာတော်ညိုးနွမ်းစေရန် ဖန်တီးပုံဖော်၍ရုပ်ရှင်ရိုက်ကူးခဲ့သည့် ဒါရိုက်တာဆွစ်ဇာလန်နိုင်ငံသားအပါအဝင် ၁၄ ဦးအားဖမ်းဆီး

0
336

ဗုဒ္ဓသာသနာတော်အား ညှိုးနွမ်းစေရန် ဖန်တီးပုံဖော်၍ရုပ်ရှင်ရိုက်ကူးခဲ့သည့် ဇာတ်ညွှန်းနှင့်ဒါရိုက်တာဆွစ်ဇာလန်နိုင်ငံသားအပါအဝင် သရုပ်ဆောင် ၁၄ ဦးအား သြဂုတ် ၈ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ဖြစ်စဥ်တွင် ဇူလိုင် ၂၄ ရက်က Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် ဗုဒ္ဓဘာသာ၊သာသနာတော်နှင့်သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)”ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့သည်။

ယင်း ဇာတ်လမ်း၌ အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓ ဘာသာဝင်တို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်းသံဃာတော်များ၏ အကျင့်သီလအား ပုတ်ခတ်စော်ကားသည့် အပြောအဆိုနှင့်ရိုင်းပျသည့် စကားလုံးအသုံးအနှုန်းများထည့်သွင်းပြောဆိုသွားခဲ့သဖြင့် ဇာတ်လမ်းတွင်ပါဝင်သူများအား ဥပဒေအရအရေးယူနိုင်ရန် တာဝန်ရှိသူများကစုံစမ်းစစ်ဆေးခဲ့ကြသည်။

ထို့ကြောင့် သြဂုတ် ၈ ရက်တွင် ယင်း ဇာတ်ကား၏ ဇာတ်ညွှန်း၊ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့်သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ)ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ) ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ) ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင်(ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန် တို့အားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ ဆွစ်ဇာလန်နိုင်ငံသားသည် ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ကိုယ်ကျင့်တရားများအားထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်းများဖြင့် ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ဇာတ်လမ်းရိုက်ကူးပြီးနောက် ဇူလိုင် ၂၄ ရက်တွင် isi Dhamma Youtube Channel မှတဆင့်လွှင့်တင်ခဲ့ပြီး ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ပြောကြားချက်၊စကားလုံးအသုံးအနှုန်းများသည် ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသားကိုယ်တိုင်ရေးသားထားသည့် ဇာတ်ညွှန်းများအတိုင်းပြောဆိုခဲ့ရခြင်းဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ဇာတ်လမ်း၏ အဓိကအခန်းကဏ္ဍတွင်ပါဝင်သရုပ်ဆောင်ခဲ့သူများသည်လည်း ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များဖြစ်ကာ ကိုယ်အမူအယာ၊နှုတ်အမူအယာဖြင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့်ကိုယ်ကျင့်တရားများကို ထိခိုက်ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာပြုမူဆောင်ရွက်ခဲ့ကြသဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာ၊သာသနာကိုစော်ကားသည့် အပြုအမူများသက်ရောက်ခဲ့ကြောင်းကိုလည်း စိစစ်တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဇာတ်ညွှန်း၊ဒါရိုက်တာဆွစ်ဇာလန်နိုင်ငံသားအပါအဝင် ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူရန် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here