ရန်ကုန်ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးပြီး ကားဈေးနှုန်းတဖြည်းဖြည်း ပြန်လည်ကျဆင်းစပြုလာ

0
2691

လက်ရှိ ရန်ကုန်ကားဝယ်ရောင်းဈေးကွက်အတွင်း အရောင်းဝယ်အေးနေပြီး ကားဈေးနှုန်းများလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းစပြုလာနေပြီဖြစ်ကြောင်း ရန်ကုန်မြို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူများထံမှ သိရသည်။

ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုကြောင့် ပြည်တွင်း ကားဈေးကွက်တွင် မော်ဒယ်အလိုက် ကားဈေးနှုန်းများ လိုက်ပါ မြင့်တက်လာမှုကြောင့် ကားဝယ်ယူလိုသူများက ဝယ်ယူရန် တွန့်ဆုတ်လာကာ ဈေးကွက်အေးနေရသည့် အခြေအနေဖြစ်နေကြောင်းလည်း သိရသည်။

ယခင်ကာလများလောက် ဝယ်လိုအား မရှိတော့သည့် အတွက် ကားဝယ်ရောင်းသမားများအတွက် အခက်ကြုံစေသည့် အချက်တစ်ခုအဖြစ် ရှိနေကြောင်းလည်း ရန်ကုန် ကားဝယ်ရောင်း ဈေးကွက်မှ သိရသည်။

ယင်းကဲ့သို့ ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ကားဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း အဝယ်အေးလျက် ရှိဆဲပင်ဖြစ်ကြောင်း ရန်ကုန်ကားဝယ်ရောင်းလောကမှ နှစ်ရှည်ကားဝယ်ရောင်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

“ဈေးကွက်အေးတယ်။ ရောင်းပြီး ထပ်စိုက် ထပ်စိုက်ဆိုတော့ မလိုက်နိုင်လို့ မဝယ်ဖြစ်ကြ‌တော့ဘူး။ ကြာပြီ။ အခုတော့ ဈေးကွက်အေးပြီး ဈေးလေးတွေတော့ ဆင်းစပြုလာပြီ”ဟု ၎င်းက ဆိုသည်။

အစိုးရ၏ ကားမူဝါဒ အပြောင်းအလဲနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်နေခြင်းကလည်း ကားဈေးကွက်ကို ရိုက်ခတ်မှုများ ရှိနေသည့်အပြင် ရွှေဈေးနှင့် ဒေါ်လာဈေး အဆမတန် မြင့်တက်လာခြင်းကလည်း ကားဈေးနှုန်းကို ရှိက်ခတ်မှုများ ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြိုရှိ ကားဝယ်ရောင်းလုပ်ကိုင်သူများ အနေဖြင့်လည်း ကားကို လိုအပ်မှသာ ဝယ်ယူပြီး အိမ်ခြံ မြေ၊ ရွှေနှင့် ဒေါ်လာဘက်သို့ ပြောင်းလဲလုပ်ကိုင်နေသူ များလည်းရှိကြောင်း သိရသည်။

“အရမ်းလိုအပ်တဲ့ သူတွေပဲ ကားဝယ်တော့တယ်။ ငွေကိုင်ထားတဲ့ သူတွေတော့ ရွှေနဲ့ ဒေါ်လာဘက် ရောက်သွားကြတယ်။ ဘာဆက်ဖြစ်လာမလဲတော့ မသိတော့ဘူး။ အလုပ်တွေတော့ ရပ်သွားတာပေါ့။”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ဝယ်ရောင်း လုပ်ကိုင်သူများအနေဖြင့် အရောင်းဝယ် လုပ်ငန်းရပ်နားထားရပြီး တဖြည်းဖြည်းချင်းသာ မှေး၍ လုပ်ကိုင်နေရကြောင်း ဝယ်ရောင်း လုပ်ကိုင်သူတို့က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here