မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပျက်ဆီးမှုများမရှိစေရေး အသေးအဖွဲမှအစ အလေးထားထိန်းသိမ်းရန် နစက ဥက္ကဋ္ဌမှာကြား

0
580

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပျက်ဆီးမှုများ မရှိစေရေး အသေးအဖွဲကအစ အလေးထားကြရန် နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

သြဂုတ် (၁၉) ရက် မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပက အဖွဲ့ရုံး၌ ပြုလုပ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကာ ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရန် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင်ဆောင်
ရွက်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဆိုသည်။

ထို့ကြောင့် ပျက်ဆီးမှုများ မရှိစေရန် စနစ်တကျဖြင့် အသေးအဖွဲ့မှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကာ စကျင်ကျောက်များဖြင့် ထုဆစ်ထားခြင်းဖြစ်၍ အမြဲသန့်ရှင်းနေစေရေး ထိန်းသိမ်းဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့အပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင်လည်း လိုအပ်နိုင်မည့် ပစ္စည်းများကို အရန်ထားရှိ၍ လိုအပ်သည့်အချိန်တွင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး လိုအပ်ချက်များကိုကြိုတင်တွက်ချက် စဉ်းစားထားရမည်ဟု မှာကြားသည်။

“လုံခြုံရေး၊ ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တာ လျှပ်စစ်မီး အသုံးပြုတာတွေအတွက် ဝန်ထမ်းတွေ ခန့်ထားဖို့လိုပါတယ်။ သူတို့အတွက် ကုန်ကျစရိတ်တွေ စီမံဆောင်ရွက်ထားရပါမယ်။ ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းတွေ ကျန်ရှိသလို လိုအပ်တဲ့ ယာဉ်ယန္တရားအပိုပစ္စည်းတွေ ဖြည့်တင်းဖို့လည်း လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ဘုရားဝင်ကြေးပေးဆောင်ရာတွင်လည်း သာမန်ပြည်သူများ ဖူးမြော်နိုင်သည့် နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ဘုရားကြီးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဂေါပကအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

“ဂေါပကအဖွဲ့ ဖွဲ့စည်းရာမှာလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခန့်အပ်နိုင်ဖို့အတွက် စဉ်းစားဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

အစည်းအဝေးအပြီးတွင် နစက ဥက္ကဋ္ဌသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီး၊ ဂန္ဓာကုဋိတိုက်များ၊ ရေပန်းရင်ပြင်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးအတွင်းတို့အား လှည့်လည်ဖူးမြော်ကြည်ညို၍ ဘုရားဖူးလာသူများကို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here