ထိုင်း – မြန်မာ ကုန်သွယ်မှုတွင် လိုင်စင်အသစ်ပြောင်းလဲ လျှောက်ထားမှုများအတွက် ပေးသွင်းရမည့် သတ်မှတ်အခကြေးငွေကို ကင်းလွတ်ခွင့်ပြုမည်

0
253

မြန်မာ – ထိုင်းနယ်စပ် ပို့ကုန်၊သွင်းကုန်ဆောင်ရွက်သူများထဲမှ လမ်းကြောင်းပြောင်းလဲဆောင်ရွက်မည့်သူများ၏ လိုင်စင်သစ်လျှောက်ထားမှုများအတွက် ပေးသွင်းရမည့် သတ်မှတ်အခကြေးငွေများကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုကို ပြန်လည်ပြင်ဆင်နေသည့်ကာလအတွင်း တင်ပို့၊ တင်သွင်းမှုတွေကို အခြားကုန်သွယ်ရေးစခန်းများနှင့် ပင်လယ်ရေကြောင်းက ပြောင်းလဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မူကြမ်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပြီးလည်း ဖြစ်သည်။

လုပ်ငန်းစဉ်များ ထုတ်ပြန်ရာတွင် လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် လုပ်ငန်းစဉ် (SOP) နှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်အရ ပို့ကုန်၊ သွင်းကုန်လိုင်စင် ပြင်ဆင်ပိတ်သိမ်းခြင်း လိုင်စင်အသစ် လျှောက်ထားမှုများအတွက် ပေးသွင်းရမည့် သတ်မှတ်အခကြေးငွေများကို ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ထပ်မံအသိပေးလာခြင်း ဖြစ်သည်။

နယ်စပ်စခန်း ပြောင်းလဲလျှောက်ထားခြင်းအတွက် မူလလိုင်စင်ခွင့်ပြုပြီးဖြစ်သည့် ကုန်ပစ္စည်းအမျိုးအစား အားလုံးကို ဆောင်ရွက်ခွင့်ပြုပြီး ပင်လယ်ရေကြောင်းမှပြောင်းလဲတင်ပို့ခွင့်ပြုရာတွင်မူ အကောက်ခွန်ဦးစီးဌာနက စိစစ်ထောက်ခံထားသည့် လက်ကျန်စာရင်းပေါ်တွင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီနယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင်ရရှိပြီးဖြစ်သည့် ပစ္စည်းများအတွက် ပြည်တွင်းသုံးစွဲရန် မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးများ၊ ဆေးဝါးပစ္စည်းများ စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများကို ပင်လယ်ရေကြောင်းမှပြောင်းလဲ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခွင့်ပြုခြင်းသည် မြဝတီလမ်းပိုင်း ပြင်ဆင်နေဆဲ ကာလအတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး မူလအတိုင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည်ဆိုပါက လုပ်ငန်းရှင်များကို ထပ်မံအသိပေး အကြောင်းကြားသွားမည်ဟုဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် (၇) ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာ – ထိုင်း ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့သည့်အတွက် ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေပြီး အဆိုပါကာလအတွင်း ကုန်သွယ်မှု လုပ်ငန်းနှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းခွင့် လိုင်စင် ခွင့်ပြုထုတ်ပေးထားသည့် ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းများမှ ပြောင်းလဲခွင့်ပြုထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here