အင်တာမိုင်ယာမီအသင်းကို ပထမဆုံးဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့မက်ဆီ

0
420

လီယွန်နယ်မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ပထမဆုံးဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ယနေ့နံနက်က Nashville FC နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ MLS League Cup ဖိုင်နယ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ မက်ဆီက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပြိုင်ဘက် Nashville က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ကစားသမား (၁၁) ယောက်လုံး ပင်နယ်တီကန်ရတဲ့အထိကို ဖြစ်ခဲ့ပြီး ဂိုးသမားတွေပါ ပင်နယ်တီဝင်ကန်ခဲ့ရကာ ပြိုင်ဘက်ဂိုးသမား ပင်နယ်တီလွဲချော်ခဲ့လို့ အင်တာမိုင်ယာမီက ပင်နယ်တီအဆုံးအဖြတ် ၁၀-၉ ဂိုးရလဒ်နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာ MLS League Cup ဖိုင်နယ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် အသင်းနဲ့အတူ လိဂ်ဖလားပြိုင်ပွဲတစ်လျှောက် ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းဘုရင်ဆုတွေကိုပါ ရရှိသွားခဲ့ပါတယ်။

မက်ဆီရောက်ရှိလာပြီး အင်တာမိုင်ယာမီအသင်းဟာလည်း ယခင်က ဇယားအောက်ခြေအဆင့်ကနေ ပုံစံကောင်းရရှိလာပြီး အသင်းအတွက် ပထမဆုံးဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

မက်ဆီ ဒီနေ့ထပ်မံရရှိခဲ့တဲ့ MLS League Cup ဟာ သူ့ရဲ့ကစားသမား ဘဝ ၄၄ လုံးမြောက် ဆုဖလားဖြစ်ပြီး ဘောလုံးသမိုင်းတစ်လျှောက် ဆုဖလား အောင်မြင်မှု အများဆုံးကစားသမားအဖြစ် စံချိန်သစ် ထပ်မံ စိုက်ထူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ အယ်နာဆာအသင်းအတွက် ပထမဆုံးအာရပ်ကလပ်များဖလား ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကစားသမားဘ၀ နေဝင်ချိန်နီးနေပေမယ့် အသင်းကို အကျိုးပြုနေဆဲဖြစ်ကြောင်း သက်သေပြနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here