မန္တလေးတိုင်းတွင် ငွေကျပ် (၂) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

0
338

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့မှ ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သြဂုတ် (၁၇) ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါနေ့ နံနက် (၁၁) နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူး ပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၁၁ (စီ)လမ်းထောင့်ရှိ ဇော်မိုးလွင်(ခ)လာရွတ်ဆန်ငှာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

ယင်းသို့ ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) (၄၇) ကီလို၊ ဘိန်းဖြူ (၁၂၀)ဂရမ်နှင့် တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း (၂)တန်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိသည်။

စစ်ဆေးချက်များအရ နေ့လယ် (၁) နာရီခွဲတွင် မူးယစ်ဆေးဝါးများ၏ ပိုင်ရှင်ဖြစ်သူ အောင်သူအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ၎င်း၏ နေအိမ်မှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ညနေ (၄) နာရီခွဲ၌ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ (အေ) လမ်း ထောင့်ရှိ နန္ဒကို(ခ)နန္ဒ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ စိတ်ကြွဆေးပြား ၉ ဒသမ ၆၁၂ သိန်းပြား၊ ဘိန်းဖြူ (၂၇၀) ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here