ဆီအရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေး ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရန် ဆီစက်ချေးငွေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့က ဆောင်ရွက်နေဟုဆို

0
445

ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရန်အတွက် ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရန် ငွေကြေးအရင်းအနှီးပံ့ပိုးပေးနိုင်ရေးအတွက် ဆီစက်ချေးငွေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောကြားခဲ့သည်။

ဩဂုတ် (၂၀) ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထ အကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် အဆိုပါ ကဏ္ဍများရှိ ထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အမှန်တကယ်လိုအပ်သည့် စိုက်ပျိုးရေးချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့် ရေ စသည့် သွင်းအားစုများ အချိန်မီရရှိနိုင်ရေးအတွက် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီက ဦးဆောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားသည်။

ထို့အပြင် နိုင်ငံတော်အစိုးရ အနေဖြင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးသူများ၊ စားသုံးဆီထုတ်လုပ်ရောင်းချသူများကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေး‌နေပြီး ဆီစက်လုပ်ငန်းရှင်များအနေဖြင့်လည်း မိရိုးဖလာလုပ်ကိုင်လျက်ရှိသည့် ထုတ်လုပ်မှုပုံစံမှ ခေတ်မီဆီသန့်စင်နည်းပညာများကို အသုံးပြု၍ ကျန်းမာရေးနှင့် ညီညွတ်သည့် အရည်အသွေးမြင့်ဆီများ ထုတ်လုပ်ရောင်းချခြင်းဖြင့် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေလိုကြောင်းလည်း မှာကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးမှလည်း ဆီစက်များ ရာသီချိန်အမီ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် အရင်းအနှီးရန်ပုံငွေများ အမြန်ဆုံးချပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်ကာ နိုင်ငံအတွင်း ဖူလုံမှုမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးမူကို ချမှတ်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here