ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထား

0
296

နစက အစိုးရအ‌နေဖြင့် စီးပွားရေး ဦးတည်ချက်များချမှတ်ဆောင်ရွက်ရာ ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် GDP ကို ၅ ဒသမ ၆၅ ရာခိုင်နှုန်း ခန့်မှန်းထားပြီး နှစ်ကုန်စာရင်းတွက်ချက်မှုအရ ၆ ဒသမ ၂၇ ရာခိုင်နှုန်း၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၂၉ ရာခိုင်နှုန်းခန့်မှန်းထားပြီး ၇ ဒသမ ၅၆ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလသည် ကိုဗစ် -၁၉ ကပ်ရောဂါ ကာလဖြစ်ပြီး ဘတ်ဂျက်လိုငွေ များပြားခဲ့သည့်အတွက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၂၀၂၁-၂၀၂၂ (၆) လဘတ်ဂျက်ကာလတွင် ဘတ်ဂျက်လိုငွေနှင့် GDP ကို ၅ ဒသမ ၀၇ ရာခိုင်နှုန်းခန့်မှန်းထားပြီး နှစ်ကုန်တွင် ၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉၇ ခန့်မှန်းထားပြီး ၂ ဒသမ ၉၇ ရာခိုင်နှုန်း ကျဆင်းအောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့် အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ ဝင်ငွေကျဆင်းခဲ့သည့်အတွက် အဖက်ဖက်မှ ကြိုးစားခဲ့ရပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (အနှုတ်) ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၎င်းကဆိုသည်။

၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် (၆) လအတွင်း ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်တိုးတက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here