ပြည်တွင်း၌ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကိုသာ တင်သွင်းရန် စိစစ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီး ဒေါက်တာ ဝါဝါမောင် ပြော

0
335

နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများကိုသာ စိစစ်ကြပ်မတ်ကာ တင်သွင်းခွင့်ပြုနေကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောသည်။

ဩဂုတ် (၂၂) ရက် (၂)နာရီက နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” နိုင်ငံတော်နဲ့ ပြည်သူများအတွက် အရေးတကြီးလိုအပ်တဲ့ မရှိမဖြစ်လိုအပ်သော ကုန်စည်တွေ မပြတ်လပ်စေဖို့၊ ဒီနေရာမှ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းကို ကျွန်မတို့ ရည် ညွှန်းပါတယ်။ ဇိမ်ခံပစ္စည်းတွေ မဟုတ်ပါဘူး။ မရှိမဖြစ် အဓိက ကုန်စည်တွေကို တင်သွင်းနိုင်ရေးကို အချိန်နဲ့ တပြေးညီ စီမံဆောင်ရွက် ပေးနေပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောသည်။

ယင်းသို့ စီမံဆောင်ရွက်ခြင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ(FEFC) မှ တာဝန်ယူ စီစစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ယင်းကော်မတီ အတွင်းရေးမှူးရုံးအနေဖြင့် တာဝန်ယူဆောင်ရွက်နေကြောင်းလည်း သိရသည်။

ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် လိုအပ်လျက်ရှိသည့် စက်ပစ္စည်းယန္တရားများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အသုံးအဆောင် ကုန်ကြမ်းပစ္စည်းများ၊ စက်သုံးဆီ ၊ စားသုံးဆီ ၊ ဆေးဝါး၊ ဓာတ်မြေဩဇာ ပိုးသတ်ဆေး၊ တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းရာတွင် နိုင်ငံခြားငွေများအား စိစစ်ခွင့်ပြုခြင်းကို FESC မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်ရေး ကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် (၂၈/၂၀၂၂) ဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ (၄) ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကော်မတီ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်နှင့် နိုင်ငံခြားငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းလည်း ဒေါက်တာဝါဝါမောင်က ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here