NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်နေမှုသည် အတိုင်းအတာတစ်ခုအထိသာရှိမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
300

NUG ၊ PDF အဖွဲ့များကို အားပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာရန် အစီအစဉ်ရှိမရှိ မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ သြဂုတ် (၂၂) ရက်မွန်းလွဲ (၂) နာရီက နေပြည်တော်၌ ပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် KNU , KIA , KNPP , CNF အဖွဲ့များအား အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာရန်ရှိမရှိနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်အဖြစ်သတ်မှတ်ခြင်း မသတ်မှတ်ခြင်းသည် ၎င်းအဖွဲ့များ၏ ဆောင်ရွက်မှုများနှင့် သက်ဆိုင်ကြောင်း ‌ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် နစက အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လမ်းကြောင်းအတိုင်း ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်မှုများ လုပ်ဆောင်နေပြီး ယင်းသို့ ဖိတ်ခေါ်မှုသည်လည်း အတိုင်းအတာတစ်ခုအထိသာ ရှိမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

” အစိုးရအနေနဲ့ကတော့ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ အမြဲတမ်း ဖိတ်ခေါ်နေတယ်။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ အတိုင်းအတာတစ်ခုအထိပဲ ရှိမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

KNU , KIA , KNPP , CNF စသည့်အဖွဲ့များသည် NUG , PDF အဖွဲ့များနှင့် ပူးပေါင်းခြင်း ၊ အားပေးအားမြှောက်ပြုခြင်းများ လုပ်ဆောင်နေပြီး လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

အဆိုပါ အဖွဲ့များထဲတွင် KNU နှင့် CNF တို့သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် NCA လမ်းကြောင်းမှ ကျောခိုင်းခဲ့ခြင်းဖြစ်သည်။

ပုံစာ – ဇွန်လ (၂၇) ရက်နေ့တွင် “ဝ” အဖွဲ့အပါအဝင် တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နှင့် NSPNC တို့ တွေ့ဆုံဆွေးနွေးရေးပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here