အက်တမ် (ATOM) မှ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း (၂,၀၀၀) အတွက် ကျပ် (၅၃.၈) သန်း လှူဒါန်းခဲ့

0
242

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း (၂,၀၀၀) အတွက် မြန်မာငွေ ကျပ် (၅၃.၈) သန်း လှူဒါန်းခဲ့ကြောင်း အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရန် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့အဖွဲ့သားတွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေထံ လိုအပ်တဲ့ အခြေခံထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံး ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီရေးကို အခုလိုလှူဒါန်းကူညီမှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီ့ ဦးတည်ချက်မှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရေးပေါ် အခြေအနေတွေ ဒါမှမဟုတ် ကျွန်တော်တို့တတွေကြို တင်ခန့်မှန်းလို့ မရနိုင်တဲ့ ဖြစ်ရပ်တွေအပြင် အခက်အခဲကြုံတွေ့ချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ အက်တမ် (ATOM) က ကြိုးပမ်းလျက်ရှိပါတယ်” ဟု ဦးဝင်းပိုင်ကျော်မှ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လကုန်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများသည် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသည့်အပြင် ဒေသခံမိသားစုများသည် အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေတို့ကိုလည်း လုံလောက်စွာမရရှိသောအခြေအနေတွင်ရှိနေပြီး အက်တမ် (ATOM) ၏ အခြေခံ စားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားနှင့်ဓာတ်ဆားရည်များ အဓိကထားလှူဒါန်းမှုသည် ရေဘေးသင့်ဒေသများရှိ အိမ်ထောင်စုပေါင်း (၂,၀၀၀) ခန့်ကို တိုက်ရိုက်အကျိုးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကပြောသည်။

အက်တမ် (ATOM) ၏ ယခုလှူဒါန်းမှုသည် မွန်ပြည်နယ်၊ဘီးလင်းမြို့ရှိအိမ်ထောင်စုပေါင်း (၁,၀၀၀) နှင့် ကရင်ပြည်နယ် ဘားအံမြို့ရှိ အိမ်ထောင်စုပေါင်း (၁,၀၀၀) တို့အတွက် ထောက်ပံ့မှုပေးခဲ့ခြင်း ဖြစ်သည်။

အက်တမ် (ATOM) အနေဖြင့် ၂၀၂၂ ခုနှစ် ဇွန်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း လူမှုအကျိုးပြု အစီအစဉ်ဖြစ်သည့် အဓိကဦးတည်ချက် သုံးခုဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒီဂျစ်တယ်စနစ်ကူးပြောင်းခြင်း၊ လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း စသည့်ရည်ရွယ်ချက်များကို ဖော်ဆောင်ရန် မြန်မာငွေ (၁.၇) ဘီလီယံကျပ်ကို လူမှုအဖွဲ့အစည်း ကူညီထောက်ပံ့မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ခွဲဝေလှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here