အိန္ဒိယသည် လ ၏တောင်ဝင်ရိုးစွန်းသို့ပထမဆုံးဆင်းနိုင်သည့်နိုင်ငံဖြစ်လာ

0
236

နူးဒေလီ၊ဩဂုတ် ၂၄

အိန္ဒိယနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် လ၏ တောင်ဝင်ရိုးစွန်း သို့ အာကာသယာဉ်ဆင်းသက်နိုင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်းသိရသည်။

အိန္ဒိယသည် ၂၀၁၉ ခုနှစ်ကလည်း လကမ္ဘာပေါ်သို့အာကာသယာဥ်ဆင်းသက်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ယင်းနောက် လကမ္ဘာကိုရောက်သည့်စာရင်း၌ စတုတ္ထမြောက်နိုင်ငံသာဖြစ်ခဲ့ရသော်လည်း လကမ္ဘာ၏တောင်ဝင်ရိုးစွန်း သို့ဆင်းနိုင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

အဆိုပါအာကာသယာဉ်သည် ဒေသစံတော်ချိန်ညနေ ၆ နာရီ ၄ မိနစ်အချိန်၌ လကမ္ဘာပေါ်သို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ဆင်းသက်နေချိန်တွင် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ပြည်သူများက ကြည့်ရှုနေကြပြီး ပျော်ရွှင်စွာ အောင်ပွဲခံနေကြသည်။

ယခုကဲ့သို့ အောင်အောင်မြင်မြင်ဆင်းသက်ခဲ့ခြင်းသည် အိန္ဒိယ၏နည်းပညာနှင့်အာကာသပညာ၌ ကျွမ်းကျင်မှုကို အများကမျက်မြင်တွေ့ရှိခဲ့ရပြီး ကမ္ဘာ့အထက်တန်းလွှာနိုင်ငံများအကြား အိန္ဒိယအတွက် ဝန်ကြီးချုပ်မိုဒီ၏စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုကိုလည်းပြသနိုင်ခဲ့သည်။

နျူလက်နက်ကိုင်ဆောင်ထားသော အိန္ဒိယနိုင်ငံသည် ယမန်နှစ်က ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့ပြီး လကမ္ဘာမစ်ရှင်အောင်မြင်မှုသည်လည်း လာမည့်နှစ်၏ အရေးကြီးသောအထွေထွေရွေးကောက်ပွဲတွင် မိုဒီအား လူကြိုက်များစေရန် အထောက်အကူဖြစ်စေနိုင်ဖွယ်ရှိသည်။

အိန္ဒိယနိုင်ငံတစ်ဝန်းရှိရုံးခန်းများ၊ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်များတွင်လည်း ရုပ်မြင်သံကြားမှတစ်ဆင့်အားပေးလျက် စိတ်လှုပ်ရှားနေသူများလည်းပြည့်ကျပ်နေပြီးနိုင်ငံမြောက်ပိုင်းရှိ မြင့်မြတ်သော ဗာရာဏသီမြို့ အပါအဝင် မြစ်ကမ်းပါးများ၊ဘုရားကျောင်းများနှင့် ဘာသာရေးဆိုင်ရာနေရာများတွင် ဆီမီးများထွန်းကာ မစ်ရှင်အောင်မြင်ရန်အတွက် လူထောင်ပေါင်းများစွာကဆုတောင်းပေးခဲ့ကြကြောင်းလည်းသိရသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here