BRICS အဖွဲ့သို့အဖွဲ့ဝင်နိုင်ငံသစ်ခြောက်နိုင်ငံထပ်တိုးမည်

0
236

ဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်နှင့်တောင်အာဖရိကနိုင်ငံများပါဝင်သည့် BRICS အဖွဲ့သို့ အခြားအဖွဲ့သစ်ခြောက်နိုင်ငံကို ထပ်တိုးဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

ထပ်တိုးခြောက်နိုင်ငံထဲတွင် အာဂျင်တီးနား၊အီသီယိုးပီးယား၊အီရန်၊ဆော်ဒီအာရေးဗျ၊အီဂျစ်နှင့်ယူအေအီးနိုင်ငံများ ပါဝင်ပြီး လာမည့် ၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တရားဝင်အဖွဲ့ဝင်နိုင်ငံများအဖြစ် စတင်အသက်ဝင်မည်ဖြစ်ကြောင်း တောင်အာဖရိက၌ကျင်းပနေသည့် BRICS အစည်းအဝေးတွင်ပြောကြားခဲ့သည်။

“အခုလို အဖွဲ့ဝင်ထပ်တိုးလက်ခံမှုဟာတကယ့်ကိုသမိုင်းဝင်ပါပဲ” ဟု အနောက်တိုင်းမဟုတ်သည့်အဖွဲ့ဝင်နိုင်ငံများအနက် အင်အားအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့သည်။

“ယခုလိုအဖွဲ့ဝင်တိုးချဲ့မှုဟာ BRICS အဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် အစပျိုးမှုအသစ်တစ်ခုလည်းဖြစ်ပါတယ်၊ဒါဟာ အဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုယန္တရားကိုအားသစ်လောင်းပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အင်အားကိုပိုမိုခိုင်မာစေမှာဖြစ်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

အဖွဲ့ဝင်ဖြစ်ခွင့်ရသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်မိပြီး BRICS နှင့်ပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ရှိနေကာ အဖွဲ့ဝင်အဖြစ်အသိအမှတ်အပြုခံရသည့်အချိန်သည် မိမိနိုင်ငံအတွက် အလွန်ကောင်းမွန်သောအခိုက်အတန့်ဖြစ်သည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ်က လူမှုပလက်ဖောင်း၌လည်းရေးသားခဲ့သည်။

ဘရာဇီးသမ္မတကမူ အဖွဲ့ဝင်နိုင်ငံသစ်ခြောက်နိုင်ငံထပ်တိုးလက်ခံလိုက်ခြင်းဖြင့် BRICS အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်းနှင့် စီးပွားရေးထွက်ကုန်ရှယ်ယာများလည်း ပိုမိုများပြားလာမည်ဖြစ်ဟုပြောကြားခဲ့သည်။

Source :The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here