ယာယီဘေလီတံတားခင်းပြီးဖြစ်၍ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းအား ယနေ့မှစ၍ပြန်လည်ဖြတ်သန်းခွင့်ပြု

0
179

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ မြေပြိုကျခဲ့သည့်နေရာအား ယာယီဘေလီတံတားခင်းပြီးဖြစ်၍ သြဂုတ် ၂၅ ရက် (ယနေ့)မှစ၍ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

“ဟုတ်တယ် အာရှလမ်းပြန်ပွင့်သွားပါပြီ ကုန်တင်ကားတွေကိုလည်းပြန်ပြီးဖြတ်သန်းခိုင်းနေပါပြီ ယာယီဘေလီတံတားခင်းတာပြီးသွားပါပြီ ယာယီဘေလီတံတားရဲ့ခံနိုင်ဝန်ကိုတော့ ၅၅ တန်သတ်မှတ်ထားတာတွေ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီး၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျသွားခဲ့သည့်လမ်းပိုင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်လမ်းဦးစီးဌာနတို့မှ ကားများပြန်လည်ဖြတ်သန်းသွားလာနိုင်စေရန် ဘေးရှောင်လမ်းပြုလုပ်ကာ ယာယီဘေလီတံတားခင်းခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။

လက်ရှိအချိန်၌ မြဝတီမြို့သို့သွားရောက်မည့်ကားများနှင့်ကော့ကရိတ်မြို့ဘက်သို့ပြန်ဆင်းလာသည့် ကားများရှိနေကာ ယာယီဘေလီတံ တားမှာအနည်းငယ်ကျဥ်းသဖြင့် လမ်းပိတ်ဆို့မှုအနည်းငယ်ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“ယာယီဘေလီတံတားက နည်းနည်းကျဥ်းတယ် အဲဒီတော့ လမ်းပိတ်ဆို့တာတွေဖြစ်နိုင်တယ် နောက်ပြီး တောင်ကိုဖြိုချပြီး ဘေးရှောင်လမ်း လုပ်ထားရတာဆိုတော့ မြေသားတွေနဲ့လမ်းချော်နိုင်တဲ့အတွက် ကားသမားတွေ အန္တရာယ်မဖြစ်အောင် သတိထားပြီးမောင်းတာကောင်းလိမ့်မယ် “ဟု ဒေသခံတစ်ဦးကပြောသည်။

ယာယီဘေလီတံတားခင်းပြီးခြင်းမပြုမီ ဘေးရှောင်လမ်းဖောက်လုပ်နေချိန်၌ ယင်း ဘေးရှောင်လမ်းမှတဆင့် ကားလေးများအား စက်ယန္တရားများဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုမီနှင့်ထမင်းစားနားချိန်တို့တွင် ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။

Photo Credit-Sett Paing Aung / ကိုဘီဝမ်း/Dr အဲလက်စ်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here