ဂျပန်မှပင်လယ်စာတင်သွင်းမှုအားလုံးကိုတရုတ်ရပ်ဆိုင်း

0
254

ဟောင်ကောင်၊ဩဂုတ် ၂၄

ဂျပန်သည် ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုအား ယနေ့တွင်စတင်လုပ်ဆောင်ခဲ့သဖြင့် ဂျပန်မှပင်လယ်စာတင်သွင်းမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံကပြောကြားခဲ့သည်။

ယခုကဲ့သို့တင်သွင်းမှုရပ်ဆိုင်းလိုက်ရခြင်းသည် တရုတ်နိုင်ငံမှစားသုံးသူပြည်သူများ၏ကျန်းမာရေးကို ထောက်ရှုသောအားဖြင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံအကောက်ခွန်ဌာနကပြောကြားခဲ့သည်။ ဆက်လက်၍လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်၏ယခုကဲ့သို့သော လုပ်ရပ်သည် အတ္တကြီးလွန်းပြီးတာဝန်မဲ့သောလုပ်ရပ်ဖြစ်သည်ဟုလည်းဆိုခဲ့သည်။

“ဂျပန်ရဲ့လုပ်ဆောင်ချက်ဟာ အန္တရာယ်ကိုလက်ဆင့်ကမ်းသလိုဖြစ်စေပြီး လူသားတွေကိုထိခိုက်နစ်နာစေပါတယ်၊ အနာဂတ်မျိုးဆက်တွေအတွက် သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးပြီး ကမ္ဘာလုံးဆိုင်ရာ အဏ္ဏဝါဂေဟစနစ်အတွက်လည်းဆိုးရွားစေပါတယ် ၊ဒါ့အပြင်ရေထုကိုပါညစ်ညမ်းစေပြီး ကျန်းမာရေးနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အများပြည်သူအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပါပဲ” ဟုလည်းဆိုခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဆူနာမီဒဏ်ကိုအပြင်းအထန်ခံစားခဲ့ရသည့်ဖူကူရှီးမားနျူဓာတ်အားပေးစက်ရုံတွင် ရေဒီယိုသတ္တိကြွပစ္စည်းများ၏အပျက်အစီးများကို အေးခဲသိုလှောင်ထားသောရေများအား ကန်ပေါင်း ၁,၀၀၀ ကျော်ဖြင့်သိုလှောင်ထားပြီး ၂၀၂၄ ခုနှစ်အစောပိုင်းတွင် သတ်မှတ်ပမာဏပြည့်တော့မည်ဖြစ်သည်။

အဆိုပါရေများကိုအချိန်မှီမစွန့်ထုတ်နိုင်ပါက ပေါက်ထွက်နိုင်သဖြင့် ယခုကဲ့သို့ နည်းနည်းချင်းစွန့်ထုတ်ရခြင်းဖြစ်သည်ဟုဂျပန်အစိုးရကပြောကြားခဲ့ပြီး နည်းနည်းချင်းစွန့်ထုတ်ပါက ရေဆိုးများအပြီးသတ်စွန့်ထုတ်နိုင်ရန် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်မည်ဖြစ်သည်ဟုလည်းသိရသည်။

ရေဆိုးစွန့်ထုတ်မှုကိုပြုလုပ်မည်ဖြစ်သော်လည်း ဂျပန်အစိုးရအနေဖြင့် စက်ရုံအနီးတစ်ဝိုက်ရှိရေများနှင့်ငါးများဘေးဥပဒ်မဖြစ်စေရန်အတွက် ရေဒီယိုသတ္တိကြွပါဝင်မှုနှုန်းကိုထိန်းညှိပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီကမူ ဂျပန်၏ရေဆိုးစွန့်ထုတ်မှုသည် သဘာဝပတ်ဝန်းကျင်နှင့်လူသားများအပေါ် မဆိုစလောက်သာထိခိုက်စေမည်ဖြစ်ကြောင်း လည်းဇူလိုင်လကပြောကြားခဲ့သေးသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here