မြောက်ကိုရီးယား၏ ဂြိုလ်တုလွှတ်တင်ရန်ကြိုးပမ်းမှုအား G -7 ဝေဖန်ရှုံ့ချ

0
241

ဘရပ်ဆဲလ်၊ဩဂုတ် ၂၅

G – 7 နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြောက်ကိုရီးယား၏ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ရန်ကြိုးပမ်းမှုအား ဝေဖန်ရှုံ့ချခဲ့ကာ အဆိုပါဂြိုလ်တု လွှတ်တင်ရေးတွင် တားမြစ်ထားသောပဲ့ထိန်းဒုံးကျည်နည်းပညာကိုအသုံးပြုထားသည်ဟုလည်းဆိုခဲ့သည်။

ဗြိတိန်၊ကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြောက်ကိုရီးယား၏လုပ်ဆောင်မှုသည် ဒေသတွင်းနှင့်နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေသည်ဟု ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ပထမတစ်ကြိမ်ကလည်း ကမ္ဘာပတ်လမ်းကြောင်းအတွင်းလွှတ်တင်ရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲသမုဒ္ဒရာထဲသို့ပျက်ကျခဲ့ပြီး ယခုတစ်ကြိမ်သည်လည်းမအောင်မြင်ခဲ့ပေ။သို့သော် ၎င်းတို့အနေဖြင့်လက်မလျှော့သေးဘဲ အောက်တိုဘာလ တွင်ထပ်ကြိုးစားဦးမည်ဟုလည်းဆိုသည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ခါတလဲလဲ တောင်းဆိုနေပေမဲ့ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုတွေကို အများအပြားပြုလုပ်ခဲ့ပြီး ပြင်းထန်တဲ့လုပ်ရပ်တွေကို ဆက်ပြီးအရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်” ဟုလည်း ဝန်ကြီးများကပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကမူ မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာဂြိုလ်တုကိုလွှတ်တင်ရန် နောက်ထပ်ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်းလည်းပြောကြားခဲ့သည်။

“ပဲ့ထိန်းဒုံးကျည်နည်းပညာကိုအသုံးပြုပြီး မြောက်ကိုရီးယားက ပစ်လွှတ်တဲ့အရာမှန်သမျှဟာ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေနဲ့ဆန့်ကျင်နေပါတယ်” ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here