ဆန်ဈေးနှုန်းကျဆင်းရေးအတွက်အရန်ဆန်ရောင်းချခြင်း အစီအစဉ်ကို နိုင်ငံတဝန်း၌ လုပ်နေ

0
190

ရခိုင်အပါအဝင် ပြည်နယ်တိုင်း (၄) ခုသို့ အရန်ဆန် အိတ်ရေနှစ်သိန်းကျော်ပို့ထား

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင် ပြည်နယ်အပါအဝင် ပြည်နယ်တိုင်း (၄) ခုတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် အရန်ဆန်အိတ်ရေ (၂) သိန်းကျော် ပေးပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေး တိုင်းဒေသကြီးတို့ အရန်ဆန်အိတ်ရေ (၂) သိန်းကျော် ပို့ဆောင်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယမန်နေ့ ဩဂုတ်လ (၂၅) ရက်တွင် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အသင်းချုပ်က ကြေညာသည့် အချက်အလက်အရ ရခိုင်ပြည်နယ်သို့ အိတ်(၂) သိန်း၊ မွန်ပြည်နယ်သို့ အိတ် (၂၀ ၀၀)၊ မကွေးတိုင်းသို့ အိတ် (၁၀၀၀)နှင့် ကရင်ပြည်နယ်သို့ အိတ် (၂၀၀၀)ကို ပြီးခဲ့သည့်ရက်ပိုင်းက ပေးပို့ထားကြောင်း သိရသည်။

ပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် အစိုးရက အရန်ဆန်ထုတ်ရောင်းခြင်း အစီအစဉ်များကို လုပ်ဆောင်နေရာ ရန်ကုန်တိုင်းအ တွင်း၌လည်း သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချခြင်း အစီအစဉ်ကို ဆန်စပါးအသင်းချုပ်က ဦးဆောင်၍ လုပ်ဆောင်လျှက်ရှိသည်။

အဆိုပါ အရန်ဆန်ရောင်းချခြင်း အစီအစဉ်ကို နိုင်ငံတဝန်း၌ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆမတန်မြင့်တက်နေသည့် ဆန်ဈေးနှုန်းကျဆင်းရေးအတွက် ပုဂ္ဂလိက အခန်းကဏ္ဍမှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

ယမန်နေ့နံနက်ပိုင်းတွင်လည်း တစ်ပြည် (၂၅၀၀) ကျပ်နှုန်းဖြင့် ဧည့်မထ Export Quality (Well-milled, Polished & Sorted) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်ဆိုင် (၄၂) ဆိုင်တွင် စတင်ရောင်းချပေးနေပြီး စက်တင်ဘာလအထိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် ဆန်ဈေးနှုန်းမှာ ရွှေဘိုပေါ်ဆန်း (၁) အိတ် လျှင် ၁၄၅၀၀၀ ကျပ် မှ ၁၆၀၀၀၀ ကျပ် ၊ ဆန်ချော (ဧရာဝတီ ပေါ်ဆန်း အုပ်စုဝင်ဆန်) (၁) အိတ်လျှင် ၁၁၀၀၀၀ ကျပ် မှ ၁၃၀၀၀၀ ကျပ်၊ ဆန်ကြမ်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) (၁) အိတ်လျှင် ၇၀၀၀၀ ကျပ် မှ ၈၄၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here