မာဒါဂက်စကာ၌ အားကစားကွင်းပြိုကျမှုကြောင့် ၁၃ ဦးသေဆုံး၊ကလေးငယ် ၇ ဦးပါဝင်ဟုဆို

0
267

အန်တန်နာနာရီဗို၊ဩဂုတ် ၂၆

အာဖရိကအရှေ့ပိုင်းရှိ မာဒါဂက်စတာနိုင်ငံ၏မြို့တော် အန်တန်နာနာရီဗို၌ အားကစားကွင်းပြိုကျမှုကြောင့် လူ ၁၃ ဦး ထက်မနည်း သေဆုံးပြီး သေဆုံးသူများထဲတွင် ကလေးငယ် ၇ ဦး ပါဝင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ၏ပြောကြားမှုအရသိရသည်။

“အခုချိန်အထိတော့ ၁၇ ဦးသေဆုံးပြီး ၁၀၇ ဦးဒဏ်ရာရထားတယ်လို့သိထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး ယခုအချိန်အထိ သေဆုံးမှု၏နောက်ဆုံးအခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကွင်းဆင်းဆောင်ရွက်နေသူကယ်ဆယ်ရေးသမားတစ်ဦးကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် “India Ocean Island Games” ဖွင့်ပွဲသို့တက်ရောက်လာချိန် Borea အားကစားကွင်းအဝင်တွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအားကစားကွင်းသို့ ပရိသတ်ပေါင်း ၅၀,၀၀၀ ကျော်စုဝေးရောက်ရှိလာရောက် အားပေးချိန်လည်းဖြစ်သည်။

ကွင်းပြိုမှု သည် မည်သည့်အတွက်ကြောင့်ဖြစ်ရသည်ကို တိတိကျကျမသိရသေးသော်လည်း သေဆုံးသူအရေအတွက်မှာမူ တိုးလာနိုင်သေးသည်ဟုကြက်ခြေနီအဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။ “အခုဖြစ်စဉ်ကဝင်ပေါက်မှာလူတွေတစ်အားများသွားရာကနေ အခုလိုကွင်းပြိုတဲ့အထိဖြစ်သွားရတာပါ” ဟုလည်းကြက်ခြေနီအဖွဲ့မန်နေဂျာကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်ကြောင့်မာဒါဂက်စကာသမ္မတလည်းအခင်းဖြစ်နေရာသို့ရောက်လာခဲ့ပြီး သေဆုံးသွားသူများအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် တစ်မိနစ်ငြိမ်သက်ကာနေခဲ့သည်။ အားကစားကွင်းအတွင်းရှိဓာတ်ပုံများတက်လာချိန်၌ အားကစားကွင်းအတွင်းရှိစင်များပေါ်တွင် ပွဲကြည့်ပရိသတ်များပြည့်နှက်နေသည်ကိုတွေ့ရသည်။

India Ocean Island Games သည် အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံများတွင် လေးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့်အားကစားပွဲများဖြစ်ပြီး အဆိုပါပြိုင်ပွဲများအား အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက ဦးစီး၍ ၁၉၇၇ ခုနှစ်ကတည်းကကျင်းပလာသောပြိုင်ပွဲများလည်းဖြစ်သည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here