ထိုင်ဝမ်၏ နိုင်ငံ အဆင့် ကိုအပြောင်းအလဲခံမည်မဟုတ်ဟု ထိုင်ဝမ်ဒုသမ္မတကတိပြု

0
206

တိုင်ပေ၊ဩဂုတ် ၂၅

ထိုင်ဝမ်အတွက်တရုတ်ဘက်မှ စစ်ရေးအရဖိအားပေးမှုများမြင့်တက်လာနေချိန်တွင် ထိုင်ဝမ်အနေဖြင့် နိုင်ငံ၏လက်ရှိအဆင့်အတန်းကို ထိခိုက်ခံမည်မဟုတ်ကြောင်း ထိုင်ဝမ်ဒုတိယသမ္မတ လည်းဖြစ် နောက်တက်မည့်သမ္မတ လည်း ဖြစ်သည့် မစ္စတာဝီလျံလိုင်က ဩဂုတ် ၂၅ ရက်နေ့ကပြောကြားခဲ့သည်။

တရုတ်သည်ထိုင်ဝမ်အားလိုအပ်ပါက စစ်ရေးအရအင်အားသုံးသိမ်းပိုက်မည်ဟုကြွေးကြော်ထားသဖြင့် ပေကျင်းနှင့်ထိုင်ဝမ်အကြား အဆင်မပြေသောဆက်ဆံမှုများရှိလာခဲ့သည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်က ထိုင်ဝမ်သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသည့် လက်ရှိသမ္မတဆိုင်အင်ဝမ်၏လက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေးပိုမိုတင်းမာလာခဲ့သည်။

ဆက်လက်၍မစ္စတာလိုင်က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုဖြစ်ပေါ်နေသောတင်းမာမှုများသည် ထိုင်ဝမ်ကြောင့်မဟုတ်ဘဲ တရုတ်ကြောင့် ဖြစ်နေရခြင်းကိုနားလည်မည်ဟုမျှော်လင့်ကြောင်းလည်းပြောကြားခဲ့သည်။ တစ်ဖန် “ထိုင်ဝမ်ရဲ့ လက်ရှိအနေအထားအတိုင်းရှိနေခြင်းအပေါ် ကျွန်တော့်ရဲ့ထောက်ခံမှုက ဘယ်တော့မှယိမ်းယိုင်ပြောင်းလဲမှာမဟုတ်ပါဘူး” ဟုလည်းဆိုခဲ့သေးသည်။

ယင်းနောက်၎င်းက အတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီအနေဖြင့် တရုတ်ပြည်မနှင့်ဆွေးနွေးစေလိုသောကိစ္စနှင့်ပတ်သက်၍လည်းပြောကြားခဲ့ပြီး ၎င်းတို့ပါတီအနေဖြင့်ယင်းသို့ပြုလုပ်မည်မဟုတ်ကြောင်းလည်းဆိုခဲ့သည်။

“အတိုက်အခံပါတီဖြစ်တဲ့ကူမင်တန်ပါတီက ကျွန်တော်တို့ကို ပေကျင်းနှင့်ညှိနှိုင်းဆွေးနွေးတဲ့နည်းလမ်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တိုက်တွန်းပါတယ်၊ဒါပေမဲ့ သိထားရမှာတစ်ခုက ညှိနှိုင်းလိုက်ရင် ရလာမဲ့ရလဒ်က တရုတ်တစ်ပြည်တည်းမူဝါဒကိုလက်ခံလိုက်ဖို့ပဲရှိပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကိုသာလက်လွှတ်လိုက်ရပြီး နှစ်နိုင်ငံကြားဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတွေရှိလာခဲ့ရင်တောင် ဒါဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးလို့ ကျွန်တော်တော့မထင်ပါဘူး” ဟုလည်းဆိုပြီး လက်ရှိအနေအထားအတိုင်း မိမိတို့ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့်နေထိုင်ကာ ပြုလုပ်ရမည့်ပူးပေါင်းဆောင်ရွက်မှုများအတွက်ကိုမူ အချိန်ပြည့်ဆွေးနွေးညှိနှိုင်းရန်အဆင်သင့်ရှိနေမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here