​တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ မြန်မာနှင့်တရုတ်တို့မှ ပူးတွဲအဆိုပြုသည့်စာတမ်းအား ကိုးကားဆွေးနွေးရန် လမ်းညွှန်စာတမ်းအဖြစ် မှတ်တမ်းတင်

0
334

(၄၀)ကြိမ်မြောက် အာဆီယံ-တရုတ်လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ ပူးတွဲအဆိုပြုသည့်စာတမ်းအား အနာဂတ်တွင်လုပ်ငန်းအဖွဲ့မှဆက်လက်ဆွေးနွေးရာတွင် ကိုးကားဆွေးနွေးရန် လမ်းညွှန်စာတမ်းအဖြစ်မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ “တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသားပါ အရေးကြီးသည့်ကိစ္စရပ်များ ဆွေးနွေးမှုဆိုင်ရာ” စာတမ်းကို ပူးတွဲအဆိုပြုခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးအား ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့၌ သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊အာဆီယံရေးရာဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးမန်ဟောက်ထန်က တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊နယ်နိမိတ်နှင့်သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် Mr. Tan Qingsheng နှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာချက် (DOC)အကောင်အထည်ဖော်မှုများကို ပြန်လည်သုံးသပ်၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အဖွဲ့ဝင်နိုင်ငံများကြား ယုံကြည်မှု တိုးတက်စေရန် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကိုထပ်လောင်းအတည်ပြု၍ ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာနှစ်အလိုက်လုပ်ငန်းစီမံချက်အောက်ရှိ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ဇူလိုင်လတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့သည့် ထိရောက်၍အနှစ်သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံးဆောလျင်စွာအပြီးသတ်ရေးနှင့်ပတ်သက်သည့် လမ်းညွှန်စာတမ်း တတိယအကြိမ်ဆွေးနွေးမှုအတွက် လမ်းညွှန်ချက်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်ကာ စာသားညှိနှိုင်းမှုတွင် အရေးကြီးသည့် milestone issues (၄)ခုကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here