တာချီလိတ်ခရိုင်၌ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်

0
295

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်တွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ ငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းအား သြဂုတ် ၂၆ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပွဲအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးတက်ရောက်၍ မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် ရိုးရာဓလေ့၊ယဉ်ကျေးမှုနှင့်ကိုးကွယ်ရာဘာသာတူညီသည်ဟု အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံကြားမဲခေါင်မြစ်ပိုင်းခြားထားမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးခဲ့ခြင်းမရှိသော် လည်း မြန်မာ-လာအိုချစ်ကြည်ရေးတံတားတည်ဆောက်နိုင်ခဲ့ပြီးဖြစ်၍ သဘာဝအတားအဆီးကို ကျော်လွန်နိုင်ခဲ့ကာ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမှုကိုအခြေပြု၍ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ယခင်ကယာယီဖွင့်လှစ်ခဲ့သည့် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကုန်သွယ်ရေးစခန်းအင်္ဂါရပ်များနှင့်ညီညွတ်သော စခန်းတစ်ခုဖြစ်လာစေရန် အဆင်မြှင့်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

အဆိုပါ ကုန်သွယ်ရေးစခန်းဖွင့်လှစ်နိုင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပိုမိုတိုးမြင့်လာမည့်အပြင် နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုလည်း ပိုမိုတိုးတက်လာမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့‌အတူ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကဝမ်းမြောက်စကားပြောကြားခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းအတွင်းနှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကုန်သည်အသင်းအဖွဲ့များ၊လာအိုနိုင်ငံမှစီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့်ထိုင်းနိုင်ငံ မယ်ဆိုင်နယ်စပ်ကုန်သည်အသင်းတို့၏ ဒေသထွက်ကုန်များခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်မြစ်ကူး မြန်မာ-လာအိုချစ်ကြည်ရေးတံတားကိုသွားရောက်ကြည့်ရှုပြီး တာချီလိတ်မြို့၊မယ်ယန်းရပ်ကွက်ရှိ ကုန်သွယ်ရေးစခန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here