ထီးလိုမင်းလိုဘုရားကြီး၏အထက်ပစ္စယံသို့ လူဦးရေနှင့်အချိန်အကန့်အသတ်ဖြင့် ပြန်လည်တက်ရောက်ကြည်ညိုခွင့်ပြုနိုင်ရန် သုံးသပ်နေ

0
183

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများကိုကြည်ညိုဖူးမြော်နိုင်ရေးနှင့်ပုဂံဒေသ၏အလှအပများကို အပေါ်စီးမှကြည့်ရှုနိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ သြဂုတ် ၂၇ ရက်နံနက်ပိုင်းက မန္တလေးတိုင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိ၊မြို့ဖများ၊ညောင်ဦးခရိုင်၊ပခုက္ကူခရိုင်၊မြင်းခြံခရိုင်၊မင်းဘူးခရိုင်နှင့်မကွေးခရိုင်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် ဘုရားဖူးသူများအနေဖြင့် ထီးလိုမင်းလိုဘုရားကြီး၏ အထက်ပစ္စယံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများကို ကြည်ညိုဖူးမြော်နိုင်ရေးနှင့်ပုဂံဒေသ၏ အလှအပများကိုကြည့်ရှုနိုင်ရေးအတွက် လူဦးရေအကန့်အသတ်၊အချိန်အကန့်အသတ်ဖြင့် ပြန်လည်တက်ရောက်ကြည်ညိုခွင့်ပြုနိုင်ရန် သုံးသပ်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ပုဂံ၊ညောင်ဦးဒေသသည် ပြည်တွင်း၊ပြည်ပ ကမ္ဘာလှည့်ခရီးသွားများလာရောက်မှုများပြားသည့်မြို့ဖြစ်၍ ယခုထက်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ဒေသတွင်း ပညာရေး၊စီးပွားရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်မှုနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေရမည်ဖြစ်ကာ ပုဂံညောင်ဦးဒေသစိမ်းလန်းသာယာလှပရန် ရေလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

“ပြည်တွင်း၊ပြည်ပခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်တဲ့ ဒေသတစ်ခုဖြစ်စေဖို့အတွက် ဖန်တီးဆောင်ရွက်ရပါမယ် ပုဂံဒေသအတွင်းမှာရှိတဲ့ ရှေးဟောင်းဘုရားစေတီပုထိုးတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း ရှေးမူမပျက်စေဘဲ ခေတ်နဲ့လျော်ညီတဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးစဉ် ပုဂံညောင်ဦးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here